contact@pandaingmap.com

(+95) 9 764-231-193

မောင်လေးညီမလေးတို့အတွက် ရန်ကုန်ပညာရေးတက္ကသိုလ် (YUOE)

တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်ပြီးပြီဆိုတော့ ဘယ်တက္ကသိုလ်တက်မယ် ဘာလျှောက်မယ် စသဖြင့် တွေးနေကြပြီပေါ့နော်။

Image Credit : Yangon University of Education (YUOE)

တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်ပြီးပြီဆိုတော့ ဘယ်တက္ကသိုလ်တက်မယ် ဘာလျှောက်မယ် စသဖြင့် တွေးနေကြပြီပေါ့နော်။ မိဘတွေလည်း ခေါင်းခြောက်ရတဲ့အချိန် ကလေးတွေလည်း စိတ်လှုပ်ရှားကြတဲ့အချိန်ပါပဲ။ တကယ်လို့ မောင်လေးညီမလေးတို့ ရွေးချယ်ဖို့ စဉ်းစားထားတဲ့အထဲမှာ ပညာရေးတက္ကသိုလ် ပါခဲ့သည်ရှိသော် ဒီဆောင်းပါးလေးနဲ့ အနည်းငယ်အကူအညီပေးပါရစေ။ 
ပညာရေးတက္ကသိုလ်မှာ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်အပြင် တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ် ဆိုတာလည်း ရှိသေးတယ်။ B.Ed.ဘွဲ့ (ပညာရေးဘွဲ့)ပေးတာပဲ။ အခု ပြောပြမဲ့တက္ကသိုလ်က ရန်ကုန်ပညာရေးတက္ကသိုလ် - Yangon University of Education (YUOE)အကြောင်းပါ။

                                                 
 
  စာသင်နှစ်ငါးနှစ်ရှိပါတယ်။ ဆယ်တန်းတုန်းက ကိုယ် ယူခဲ့တဲ့ ဘာသာတွဲအလိုက် နှစ်သက်ရာနှစ်ခု (ဥပမာ phy, chem or phy, eco or ပထဝီ၊သမိုင်း) ရွေးရမယ်။ မြန်မာ English Math မြန်မာ့ရေးရာ တွေလည်းသင်ရမယ်။ ပညာရေးတက္ကသိုလ် ရဲ့အနှစ်သာရဖြစ်တဲ့ ပညာရေးဘာသာရပ်ကြီးသုံးခုလည်း သင်ရမယ်။ Educational Theory, Educational Psychology, Methodology. ပညာရေးအကြောင်း တကယ် သိတဲ့၊ ကလေးတွေအတွက် တကယ်ကူညီပေးနိုင်မဲ့ သင်ပြပေးနိုင်မဲ့ ဆရာဆရာမကောင်းတွေဖြစ်ဖို့ ဒီပညာရေးဘာသာရပ်သုံးခုက သိပ်အရေးကြီးတယ်နော်။ Educational theory မှာဆိုရင် ပညာရေးဆိုင်ရာသဘောတရားတွေ၊ ဟိုးအရင်က ပညာရှိကြီးတွေ အတွေးအခေါ်ပညာရှင်ကြီးတွေရဲ့ အတွေးအခေါ်တွေ အကြောင်းသင်ရမယ် ငြင်းကြခုံကြဆွေးနွေးကြနဲ့ သိပ်ပျော်ဖို့ကောင်းတယ်။ ဒါ့အပြင် educational management ကိုပါသင်ပေးတယ်။ ပညာရေးဌာနရဲ့ဖွဲ့စည်းပုံတွေ၊စနစ်တွေ၊ လက်ရှိပညာရေးအကြောင်းတွေ၊ မိဘတွေနဲ့ဘယ်လိုဆက်ဆံရမလဲ၊ ကိုယ်က ကျောင်းအုပ်ဖြစ်လာရင် ရပ်ရွာလူထု၊ ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက် ဆရာဆရာမတွေနဲ့ ဘယ်လိုပူးပေါင်းလုပ်ဆောင်ရမလဲ ဆိုတာတွေပါ သင်ရတယ်။ Educational psychology မှာကျတော့ ကလေးငယ်လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာမှုတွေအကြောင်း၊ စိတ်ပညာနဲ့ပတ်သက်တဲ့ သီအိုရီတွေ၊ ကလေးတွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လို မြေတောင်မြှောက်ပေးရမလဲ၊ ဒီကလေးရဲ့ စိတ်ထဲမှာ ဘာဖြစ်နေသလဲကအစ တွေးမိလာအောင် ဆွဲဆောင်နိုင်တဲ့ဘာသာရပ်ကြီး။ Psycho ဌာနကပဲသင်တဲ့ tests and measurement ဆိုတာရှိသေးတယ်။ မောင်လေးညီမလေးတို့ ဖြေခဲ့ရတဲ့ စာမေးပွဲမေးခွန်းတွေကို ဘယ်လိုတည်ဆောက်သင့်သလဲ၊ ဘယ် စွမ်းရည်ကို တိုင်းတာမလဲ၊ သင်ခန်းစာဘယ်လောက်ပမာဏကိုစစ်ဆေးမလဲ၊ ထုတ်လိုက်တဲ့ မေးခွန်းလွှာတွေက ဘယ်လိုရည်ရွယ်ချက်နဲ့လဲ၊ ရည်ရွယ်ချက်အောင်မြင်လား စတာတွေကို သင်ရတာ။
 Methodology ကကျတော့ သင်ပုံသင်နည်းပေါ့။ ကလေးတွေစိတ်ဝင်စားအောင် ဘယ်လိုသင်ကြမလဲ။ သင်နည်းမျိုးစုံ ကို သိလာရမယ် အချင်းချင်းပြန်သင်ပေးရတဲ့ peer group teaching တွေ လုပ်ရမယ် (မကျေနပ်တဲ့လူရှိရင် စာမေးလို့ရတဲ့အချိန်ကောင်း)။ Presentation တွေ လုပ်ရမယ် presenter လုပ်ဖို့ မရှက်ကြပါနဲ့၊ အဲ့ဒီက ရတဲ့ အတွေ့အကြုံဟာ တကယ် လုပ်ငန်းခွင်မှာ အရမ်းအသုံးဝင်တယ်။ လူအများရှေ့မှာ confidence ရှိရှိ ပြောရဲလာမယ်။ Science subjects တွေဖြစ်တဲ့ physics chemistry biology တွေမှာ practical လုပ်ရတယ်။ သိပ်ပျော်စရာကောင်းတယ်။ ဂီတ၊ပန်းချီ၊ အိမ်တွင်းမှုအတတ်ပညာ ကိုယ်စိတ်ဝင်စားရင်စိတ်ဝင်စားသလို အတန်းယူလို့ရတယ်။ English skill ကောင်းစေဖို့ impromptu talk တွေလည်း ဝင်ပြိုင်ကြနော်။ ကျောင်းတွင်း club တွေလည်း အများကြီးရှိတယ် Environmental club, Reading club..etc,. ညီမလေးမောင်လေးတို့ရဲ့ တိမ်မြုပ်နေတဲ့ အရည်အသွေးတွေကို ကူညီဖော်ထုတ်ပေးမဲ့ club တွေ။ အားကစားပွဲတွေလည်း ရှိတယ်။ သထုံလမ်းထဲမှာ တက္ကသိုလ်များအားကစားရုံ၊ ရေကူးကန်၊ ဘောလုံးကွင်းတွေရှိလို့ အဆောင်နေညီမလေးတွေ သွားဆော့လို့ရတယ်နော်။ 
နောက်ပြီး တက္ကသိုလ်ရဲ့တကယ့်အရသာကို ရအောင်၊ သူငယ်ချင်းအသစ်တွေရအောင်၊ လူအများနဲ့နေတတ်အောင်၊ မိဘတွေလည်း စိတ်ချရအောင် ကျောင်းဆောင်တွေစီစဉ်ပေးထားတယ်။ မိန်းကလေးဆောင်၊ ယောကျ်ားလေးဆောင် သီးသန့်တွေပါ။ စာအုပ်တွေထဲမှာ ဖတ်ဖူးကြမှာပေါ့။ ပြည်ဆောင်၊ တကောင်းဆောင်...တို့ရဲ့ထင်ရှားတဲ့စာရေးဆရာကြီးတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ နေခဲ့ကြတဲ့ သမိုင်းအစဉ်အလာကြီးတဲ့ အဆောင်တွေပေါ့။ အဆောင်တွေမှာဆိုရင် နှစ်ဝက်တစ်ခုပြီးတိုင်း ညစာစားပွဲတွေကျင်းပကြတယ်။ အဆို၊အက၊ဖျော်ဖြေရေးအစီအစဉ်မျိုးစုံနဲ့ သိပ်ပျော်စရာကောင်းလို့ အဲ့ဒီအချိန်ကို ကျောင်းသူကျောင်းသားတိုင်းစောင့်မျှော်ကြတယ်။ 
ကလေးတွေကို အကြံပေးချင်တာ တစ်ခုကတော့ တို့နိုင်ငံမှာ ပညာရေးအကြောင်းတကယ်သိနားလည်တဲ့၊ ပညာရေးကို တကယ်စိတ်ဝင်စားတဲ့ ဆရာဆရာမတွေအများကြီးလိုနေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။ ငါ ဝါသနာပါလား၊ နိုင်ငံရဲ့ပညာရေးစနစ်ကို တိုးတက်အောင်လုပ်ချင်တာလား ဒါမှမဟုတ် အမှတ်နှမြောလို့ တက်မှာလား၊ ဒီတက္ကသိုလ်မှာ တက်နေရင်းရော ဝါသနာပါလာနိုင်မလား အသေအချာ ဆန်းစစ်ပြီးမှ တက်စေချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တက္ကသိုလ်မှာ သင်ခဲ့ရတဲ့ အဖိုးတန်တဲ့အသိပညာတွေဟာ အခုလက်ရှိမြန်မာနိုင်ငံပညာရေးစနစ်အရ ရာနှုန်းပြည့်အသုံးချနိုင်ဖို့ ခက်ခဲနေသေးတယ်။ ဝါသနာလည်း တကယ် ပါမယ်။ ကလေးတွေအပေါ် စေတနာလည်း ထားနိုင်မယ်။ အနစ်နာလည်း ခံနိုင်မယ်(လစာနည်းတယ်လေ) ဆိုရင် ဒီတက္ကသိုလ်က ရတဲ့ အသိပညာတွေနဲ့ ပေါင်းစပ်ပြီး တကယ့်ဆရာကောင်းဆရာမကောင်းဖြစ်အောင် ကြိုးစားလို့ရပါတယ်။ ပြီးတော့ ဆရာဆိုတာ တစ်သက်တာကျောင်းသားကြီးပါ။ အမြဲလေ့လာသင်ယူနေရမယ်။ စာအုပ်ထဲက စာကို သင်ရုံနဲ့မပြီးဘဲ ကိုယ့်ကလေးတွေအတွက် ဘယ်အရာတွေက သိသင့်သိထိုက်လဲ၊ ဘယ်အရာတွေက သူတို့ဘဝလေးတွေအတွက် အသုံးဝင်မလဲ စသဖြင့် အမြဲတွေးတောလေ့လာနေရမယ်။ ဆရာတစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ ကိုယ့်အချိန်အများစုမှာ ကလေးတွေအတွက် စဉ်းစားမိနေလိမ့်မယ်။ ဆရာဆိုတာ leader လည်း ဖြစ်သလို ladder လည်းဖြစ်တယ်။ ကောင်းမွန်တဲ့ဦးဆောင်မှုလည်း ပေးနိုင်ရမယ်။ ကလေးတွေဘဝ မြင့်မားဖို့အတွက် ကိုယ့်ပခုံးနဲ့ မြှင့်တင်ပေးနိုင်ရမယ်။ အခြားလူတွေအမြင်မှာ လူတိုင်း ကျောင်းဆရာဆရာမဖြစ်နိုင်တယ်၊ စာသင်တာ ဘာခက်လို့လဲလို့ တွေးနိုင်ပေမဲ့ ဆရာကောင်းဆရာမကောင်းဆိုတာ စာသင်ရုံနဲ့ဖြစ်တာမဟုတ်ဘူးနော်။ တာဝန်ကြီးပါတယ်။ တကယ်လုပ်ချင်တာ ဝါသနာပါတာ ကလေးတွေကို ချစ်တာ သေချာရင်တော့ ပညာရေးတက္ကသိုလ်ကို လျှောက်ပါ။ ကြိုးစားသင်ယူပါ။ activities တွေမှာ ပါဝင်ပါ။ ကျောင်းပြီးသွားတဲ့အခါ ကိုယ်တာဝန်ကျတဲ့နေရာမှာ အကောင်းဆုံးလုပ်ဆောင်နိုင်အောင်၊ အများမိုးခါးရေ သောက်တဲ့အချိန် ကိုယ် လိုက်မသောက်မိအောင်၊ စိတ်ဓာတ်ခိုင်မာအောင် ပြင်ဆင်ပါ။ 

တာရီ
 

June 8, 2018 at 10:11 am