contact@pandaingmap.com

(+95) 9 764-231-193

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်

ကျွန်မကတော့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဂျပန်မေဂျာအထူးပြုတတိယနှစ်
ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။

ကျွန်မကတော့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဂျပန်မေဂျာအထူးပြုတတိယနှစ်
ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ဒီတက္ကသိုလ်ကိုတက်ခဲ့တယ်ဆိုတာကလည်းငယ်ငယ်ကတည်းကဘာသာစကားလေ့လာတာကို စိတ်ဝင်စားတာကြောင့်ပါ။ ဒါကတော့ UFL ဆိုတာ ဘာကြီးမှန်း မသိခင်ကတည်းက တက်ချင်ခဲ့တဲ့ အဓိက ရည်ရွယ်ချက်တစ်ခုပါ။ တကယ်တမ်း တက်ခဲ့ပြီဆိုတော့မှ
အတွေ့အကြုံကောင်းတွေ၊ နွေးထွေးကြင်နာပြီး လက်တွဲခေါ်ပေးတတ်တဲ့ ပတ်ဝန်းကျင် အသစ်တွေ၊
Activity တွေကနေတစ်ဆင့် တစ်ဦးချင်းစွမ်းရည်သာမက အဖွဲ့လိုက်စီစဉ်လုပ်ကိုင်တတ်တဲ့ အရည်အချင်းတွေပါရရှိလာတဲ့အထိကိုယ်ရွေးချယ်ခဲ့တဲ့ တက္ကသိုလ်အပေါ်မှာ ကျေနပ်အားရမိပါတယ်။
အရင်ကဆို UFL ဆိုတာ စည်းကမ်းအလွန်တင်းကြပ်တဲ့ကျောင်းဆိုတာ မှန်ပေမယ့့် အခုဆိုရင် ကျောင်းသူ၊ ကျောင်းသားတွေအတွက် အဆင်ပြေစေမယ့် စည်းကမ်းအသစ်တွေနဲ့အတူ တက္ကသိုလ်ကျောင်းသား ဘဝက ပိုမိုပီပြင်အသက်ဝင်လာပါတယ်။
ကျွန်မတို့ကျောင်းမှာ ဝိဇ္ဇာတန်း အထူးပြုဘာသာရပ် (၈) မျိုးအနေနဲ့ အင်္ဂလိပ်၊ တရုတ်၊
ဂျပန်၊ ပြင်သစ်၊ ကိုရီးယား၊ ဂျာမန်၊ ရုရှားနဲ့ ထိုင်းမေဂျာတို့ရှိပါတယ်။တစ်ဖန် နိုင်ငံခြားသားတွေ အတွက် မြန်မာဘာသာကို အထူးပြုအနေနဲ့ သင်ယူနိုင်သည့်အပြင် ထပ်ပြီးတော့လည်း ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူ တွေအတွက် အီတလီဘာသာရပ်နဲ့ စပိန်ဘာသာရပ်တွေကို သင်ကြားပေးလျက်  ရှိပါတယ်။
စာသင်ကြားချိန်တွေမှာဆိုရင် Round table discussion တွေ Presentation တွေကို
တစ်ပတ်တစ်ခါလောက် ပုံမှန်လုပ်ဖြစ်တဲ့အတွက်ကြောင့် Creative thinking တွေ၊ စကားပြောစွမ်းရည်တွေလည်း သိသိသာသာ တိုးတက်လာပါတယ်။အထူးပြုဘာသာရပ်တွေအလိုက် Listening skill မှာအထောက်အကူဖြစ်စေဖို့အတွက် Labအခန်းတွေကိုလည်း လက်တွေ့သင်ကြား အသုံးပြုခွင့်ရပါတယ်။ ကျောင်းသင်ခန်းစာကနေသာမက သီချင်းတွေ၊ ရုပ်ရှင်တွေ စတဲ့ ပြင်ပ သင်ကြားရေး အထောက်အကူပြုနည်းလမ်းတွေကနေ တစ်ဆင့်လည်း ဘာသာစကားတစ်ရပ်ကို လက်တွေ့ လေ့လာသင်ကြားခွင့်ရရှိပါတယ်။ဒါ့အပြင် ဘာသာစကားစွမ်းရည် (၄)မျိုးသာမက မိမိတို့ သင်ကြားရတဲ့ ဘာသာရပ်ရဲ့သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ စီးပွားရေးစတဲ့ နယ်ပယ်အသီးသီးကိုပါ ကိုယ့်နိုင်ငံနှင့်အတူ ယှဉ်တွဲလေ့လာရသည်အထိ ဘာသာစကားတစ်ရပ်ကို အသေးစိတ်ကျကျ သင်ကြားမှတ်သားရပါတယ်။ ဘာသာစကားဆိုင်ရာ လမ်းညွှန်စာအုပ်တွေ၊ မှီငြမ်းစာအုပ်တွေသာမက တခြားဗဟုသုတဖြစ်ဖွယ် စာအုပ်စာပေကောင်းတွေကိုဖတ်ရှုနိုင်ဖို့အတွက် စာကြည့်တိုက်ကိုလည်း စနစ်တကျဖွဲ့စည်းထားရှိပြီး အမှန်တကယ် လက်တွေ့ဖတ်ရှုငှားရမ်းဖို့လည်း အခွင့်အရေးတွေ ရရှိပါတယ်။ 


ကျွန်မတို့ UFLဟာ ပညာသင်နှစ်ကာလတစ်လျှောက်လုံးမှာ သက်ဆိုင်ရာ လအလိုက်
ကျောင်းပွဲအသီးသီးတွေနဲ့ ပြည့်နှက်နေပြီး ကျောင်းတက်ရတာ ပျင်းစရာကောင်းမနေပါဘူး။ ပွဲအသီးသီးကိုလည်း ကျောင်းသား၊ ကျောင်းသူတွေအတွက် ထိရောက်တဲ့ သင်ကြားရေးစနစ်နဲ့အတူ လူငယ်တွေရဲ့ စွမ်းဆောင်နိုင်စွမ်းနဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပြသခွင့်ရတဲ့အတွက် အပျော်အပါးသက်သက်ချည်းပဲမဖြစ်စေဘဲ အနှစ်သာရရှိရှိနဲ့ကျင်းပခွင့်ရရှိပါတယ်။ ဒါတင်မကသေးဘဲ ဝါသနာတူကျောင်းသား၊ ကျောင်းသူတွေစုပြီးတော့ Dance club၊ Literature club၊ Anime club စတဲ့  Club အသီးသီးကို ကိုယ့်အစွမ်းကိုယ့်အစနဲ့ဖွဲ့ထားတဲ့အတွက် မိမိတို့ရဲ့ လူငယ်ဘဝကို ဝါသနာနဲ့အတူ ရှင်သန်ခံစားခွင့်ရရှိပါတယ်။ 
သက်ဆိုင်ရာဘာသာစကားအလိုက် Debate တွေ၊ပြဇာတ်တွေ၊ Culture exchange 
ပွဲတွေနဲ့အတူ ကိုယ်လေ့လာသင်ယူနေတဲ့ ဘာသာစကားကို စာပေ၊ ယဉ်ကျေးမှုနဲ့တကွ ထဲထဲဝင်ဝင် လေ့လာခွင့်ရပါတယ်။ ဒါ့အပြင် အားကစား၊ စာပေ၊အနုပညာနဲ့ ကိုယ်ကာယကြံ့ခိုင်လှုပ်ရှားမှု အပိုင်း တွေကိုလည်း သက်ဆိုင်ရာဆရာ၊ ဆရာမတွေနဲ့အတူ လေ့ကျင့်သင်ကြားစေပြီး ကျောင်းရဲ့ Activity တွေမှာလပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး ပါဝင်ဆင်နွဲှခွင့်ရပါတယ်။ဒါ့အပြင် ထူးချွန်ထက်မြက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက်ရော ၊ Scholar ပိုင်းကိုစိတ်ပါဝင်စားတဲ့သူတွေအတွက် Scholarship Program တွေလည်း အသီးသီးရှိပါတယ်။ကျွန်မတို့ ဂျပန်မေဂျာမှာဆိုရင် AEON၊ Mitsubishi၊ Jenesys၊ MJA အစရှိတဲ့ အဖွဲ့အစည်းတွေကနေပညာသင်ထောက်ပံ့ကြေးသာမက ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ခွင့်၊ တစ်နှစ်တာ ပညာသင်ကြားခွင့်စတဲ့ အခွင့်အလမ်းတွေ အများကြီးရရှိပါတယ်။ နောက်ဆုံးနှစ်ရောက်ပြီဆိုရင် Internship ဆင်းတဲ့အခါမှာ လုပ်ငန်းခွင်အတွေ့ အကြုံပါမက ဘာသာစကားနဲ့ ပေါင်းကူးတံတားချိတ်ဆက်ပြီးတော့ Social ပိုင်းတွေ၊ Management ပိုင်းတွေကိုပါ လေ့လာသင်ယူရတဲ့အတွက် ဘွဲ့ရပြီးနောက်ပိုင်း အလုပ်အကိုင်တွေအတွက် ထိရောက်တဲ့ အကျိုးကျေးဇူး အခွင့်အလမ်းတွေပိုများလာတာကို တွေ့ရှိရပါတယ်။
ကျွန်မတို့ UFL မှာလဲရှေ့ဆက်ပြီး ပညာရေးနဲ့ပတ်သက်တဲ့ အစီအစဉ်တွေကို ယခုထက် ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက်နေတယ်လို့ ကြားသိရတဲ့အတွက် မျိုးဆက်သစ်မောင်လေး၊ ညီမလေးတွေအတွက် ကျေနပ်အားရမိပါတယ်။ ဘယ်တက္ကသိုလ်ပဲတက်တက် ကိုယ့်ဘက်က ကြိုးစားအားထုတ်မှုသာ အရင်းစိုက်လိုက်မယ်ဆိုရင် ကိုယ့်ဘဝတက်လမ်းအတွက်သာမက ကိုယ့်တိုင်းပြည်အတွက်ပါ အများကြီးအထောက်အကူပေးသွားမှာပါ။ ပြီးတော့ အနာဂတ်မှာလည်း ပညာရေးနဲ့ပတ်သက်တဲ့ ကောင်းမွန်တဲ့အခွင့်အလမ်းတွေ ရရှိလာဦးမှာမို့လို့ ကိုယ့်ဘက်က ရည်မှန်းချက်ရှိရှိနဲ့စိတ်နှစ်ပြီးအကောင်းဆုံးကြိုးစားသွားဖို့ပဲလိုအပ်တာပါလို့မျှဝေပြောကြားချင်ပါတယ်။
 

 
 

May 25, 2018 at 09:23 am