မြန်မာနိုင်ငံ၏ ပညာရေးအကြောင်းပြောရမည်ဆိုလျှင် ပညာရေး၏ ကနဦးဖြစ်သော မူလတန်းကပင် စ၍ပြောရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပညာရေးကို တကယ်ပြောင်းလဲလိုလျှင် အခြေခံကျသော မူလတန်းမှ စ၍ စနစ်တကျ သေသေချာချာ ပြောင်းလဲမှသာ တကယ်ပြောင်းလဲလာမည်ဖြစ်သည်။ ထိုသို့ပြောင်းလဲရာတွင် လိုအပ်သည်များမှာ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားပုံနည်းစနစ်များ၊ သင်ကြားမည့် ဆရာ၊ဆရာမများ၏ အရည်အချင်းများပြည့်ဝမှုများ စသည်တို့ကို အရင်ဆုံး ပြောင်းလဲနိုင်မှသာ ပညာရေးဖြင့် ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည် ဖြစ်သည်။ ယခု မြန်မာနိုင်ငံပညာရေးစနစ်မှာ သူငယ်တန်းမှ လေးတန်းအထိ ၅နှစ်မှာ မူလတန်း၊ငါးတန်းမှ ရှစ်တန်းအထိ ၄နှစ်မှာ အလယ်တန်း၊ကိုးတန်းမှ ဆယ်တန်းအထိ ၂နှစ်မှ အထက်တန်းဆိုပီး စုစုပေါင်း ၁၁နှစ် သင်ကြားရသော စနစ်ဖြစ်သည်။ ကျွန်ုပ် သုံးသပ်ရသည်အရဆိုလျှင် မူလတန်း ၅နှစ်သည် အမှန်တယ် အရေးကြီးသော စာသင်နှစ်များဖြစ်သည်။ ထိုနှစ်များတွင် စာကို ကျေညက်စွာ မသင်ယူနိုင်ခဲ့ပါက နောက် အလယ်တန်းနှင့်အထက်တန်းများတွင် အမှန်တကယ် ဒုက္ခရောက်မည်သာဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်နေသော ပညာရေးစနစ်ကို ပြောရမည်ဆိုလျှင် ပိုက်ဆံရှိသော မိဘများမှ သားသမီးများသည် ဆရာ၊ဆရာမများ၏ အလေးပေးမှုနှင့် ဂရုစိုက် သင်ကြားပေးမှုကို ခံရပီး ဆင်းရဲသော ကလေးများသည် လှည့်ပင်အကြည့်မခံံရချေ။ ဤသည်မှာ ကျောင်းတော်တော်များများတွင် ရှိနေသော အခြေအနေများပင်ဖြစ်သည်။ တစ်ခုဖြည့်စွက်ပြောလိုသည်မှာ ယခုမူ ပုဂ္ဂလိကျောင်းများ အမြောက်အများ ပေါ်ပေါက်လာသော်လည်း ထိုကျောင်းများမှာ ကျောင်းစရိတ် ဈေးကြီးသဖြင့် ကလေးတိုင်းတက်နိုင်သည့် အခြေအနေ မရှိပါ။ ထိုကျောင်းများမှာ လူချမ်းသာ သားသမီးများသာ တက်နိုင်သည့် ကျောင်းများ ဖြစ်နေပါတော့သည်။ ထိုအခြေအနေမှာ မြန်မာတစ်နိုင်ငံတည်းတွင်သာ မဟုတ် အချို့သောနိုင်ငံများတွင်လည်း ဤအတိုင်းသာ ဖြစ်ပေသည်။ ယခု ဖြစ်လာသည့် ပညာရေးအခြေအနေများမှာ ပိုက်ဆံပေးမှ ပညာကိုသင်ယူရရှိတော့မည့် အခြေအနေဖြစ်သည်။ ဤအခြေအနေအတိုင်းသာဆိုလျှင် ငွေမရှိ၍ ပညာမသင်ကြားနိုင်သော ကလေးများအဖို့ နောက်နောင်တွင် ပို၍ ရင်လေးမိပါသည်။ ကျွန်ုပ်အနေဖြင့် ပညာရေးစနစ်ကြီးကို ပြောင်းလဲရမည်ဆိုလျှင် ကျက်ကျူကေးရှင်းဟု လူပြောအများဆုံး နားလည်လည် မလည်လည် နှုတ်တိုက်ကျက်ဖြေသော စနစ်ကြီးကို အရင်ဆုံး ပြင်ဆင်မည်ဖြစ်သည်။ ဤစနစ်ကြီးမှာ သူငယ်တန်းမှစ၍ တက္ကသိုလ်ရောက်သည်အထိ အလုပ်ဖြစ်ခဲ့သည်မှာ ကိုယ်တွေ့ပင် ဖြစ်ပေသည်။ သို့သော် ဘွဲ့ရ၍ လုပ်ငန်းခွင်ထဲ ရောက်သည့်အခါ အမှန်တကယ် အလုပ်မဖြစ်မှန်း စာဖတ်သူတို့လည်း သိကြမည်ထင်ပါသည်။ တကယ် လက်တွေ့ဘဝတွင် အလုပ်ဖြစ်သည်မှာ ဆက်စပ်စဉ်းစားတွေးခေါ်မှုပင် ဖြစ်ပေသည်။ ဤသည်ကို အဓိကထား၍ ကျောင်းသား၊ကျောင်းသူများကို စဉ်းစားတွေးခေါ်ခိုင်းရမည့်အစား ဤစာကို မကျက်လျှင် အမှတ်မရ၊ မအောင်နိုင်ဟု ရာဇသံပေးကြသည်။ ကျွန်ုပ် ဖတ်ဖူးသည့် တရုတ်နိုင်ငံ၏ စာသင်ကြားပုံအကြောင်း မှတ်မိသလောက် ဖော်ပြပါမည်။ တရုတ်နိုင်ငံ၏ သမိုင်းကို သင်ကြားရာတွင် သူတို့သမိုင်းကို ယေဘုယျသဘောလောက် သိရင် ရသည်။ မိမိနိုင်ငံလို ဧသည်မရွေး ကျက်စရာမလို။ စာမေးပွဲဖြေရာတွင်လည်း သူတို့ဘုရင်တွေအကြောင်း၊ မင်းဆက်တွေအကြောင်းကို ဧသည်မရွေး ချရေးစရာမလို၊ အဲ့လိုမေးခွန်းမျိုး မမေး။
သူတို့မေးသည်မှာ သူတို့၏ ဘယ်ဘုရင် ဘယ်လိုအုပ်ချုပ်သည်ကို ဝေဖန်ပါ၊ထောက။ပြပါ၊ ကိုယ်တိုင် အုပ်ချုပ်ရမည်ဆိုလျှင် မည်သို့အုပ်ချုပ်မနည်း စသည်ဖြင့် စဉ်းစားတွေးခေါ်ရမည့် အပိုင်းကိုသာ ဦးစားပေး၍ မေးခွန်းထုတ်၍ မေးကြသည်။ မိမိနိုင်ငံ၏ စာမေးပွဲတွင် စာအုပ်ထဲတွင် ပါသည့်အတိုင်း ဧသည်မရွေး ချမရေးလျှင် အမှတ်မရ၊ မအောင်နိုင်။ ဤသည်မှာ မိမိနိုင်ငံ ပညာရေး၏ မဟာအားနည်းချက်ပင် ဖြစ်ပေသည်။
ကျွန်ုပ်တို့ ငယ်စဉ်အခါ ကျောင်းတက်တုန်းကလည်း ဤအတိုင်းပင် ဖြစ်ပေသည်။ ဆရာ၊ဆရာမများက စဉ်းစားတွေးခေါ်ရန် အားမပေးခဲ့ချေ။ ထို့အပြင် မိမိ၏ ကိုယ်ပိုင်အရည်အသွေးပါ ပျောက်ခဲ့ရသည်။ တချို့ကလေးများသည် ကျောင်းစာတွင် တော်ချင်မှ တော်လိမ့်မည်။ သို့သော် တခြားနေရာများတွင် ဥပမာဆိုရလျှင် အားကစား၊ ပန်းချီ၊ ဂီတ စသဖြင့် သူတို့ ကိုယ်ပိုင်အရည်အသွေးများ ရှိကြပေသည်။
ကျောင်းတွင် စာကြိုးကြရန်သာ ပြောကြပြီး တခြားမည်သည့်အရာကိုမှ စိတ်မဝင်စားကြရန် ဆရာ၊ဆရာမများက အမြဲပြောကြသည်။ ဤသို့ဖြင့် အသက်အရွယ်ကြီးပြင်းလာသည့်အခါ မိမိကိုယ်ကို ဘာတော်လို့တော်မှန်းမသိ၊ ဘာဝါသနာပါလို့ ပါမှန်းမသိ ဖြစ်သွားကြသည်။ တကယ့်လက်တွေ့အပြင်တွင် ဖြစ်နေသည်များကို ပြောရလျှင် ဂီတဘက်တွင် ပါရမီပါသူတစ်ယောက်သည် အိမ်ကအတင်းတိုက်တွန်း၍ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆရာဝန်မလုပ်ဘဲ အဆိုတော်လုပ်ခဲ့သည် ရှိသော် ဆရာဝန်ဖြစ်အောင် ကြိုးစားခဲ့ရသောအချိန်တွေ၊ ငွေတွေ၊ ဆရာဝန်ဖြစ်အောင် မွေးထုတ်ပေးခဲ့ရသော နိုင်ငံတော်အနေဖြင့်လည်း နစ်နာပေလိမ့်မည်။ သို့သော်လည်း ကျောင်းသား၊ကျောင်းသူများ အနေဖြင့် ကိုယ်လုပ်ချင်ရာ၊ ဝါသနာပါရာ လုပ်မရသည့်ဘဝတွင် ဤအနေအထားအတိုင်း သာဆက်၍ဖြစ်နေမည့်ဖြစ်သည်။ ဆယ်တန်းအမှတ်ဖြင့် ဆုံးဖြတ်သည့်နေရာတွင်လည်း ဤအတိုင်းပင်ဖြစ်သည်။ ဝါသနာပါသည်မှန်သော်လည်း အမှတ်မမီသဖြင့် ဝါသနာပါသည့်ကျောင်း မတက်ရသည့် ကလေးများစွာရှိသည်။ ဝါသနာပါသည့် လမ်းကို မလျှောက်ရဘဲ ဝါသနာမပါသည့် အလုပ်ကို လုပ်နေရသည်မှာ အင်မတန် ဝမ်းနည်းစရာ ကောင်းလှသည်။ သူများနိုင်ငံများတွင် ငယ်စဉ်ကတည်းက ကျောင်းမှာ ကလေးများကို အမြဲစောင့်ကြည့်နေပီး ကလေးများကို သူတို့၏ ထူးချွန်သည့် အရည်အသွေးများကို ဆွဲထုတ်ပေးကြသည်။ ဤသို့ဖြင့် သူတို့နိုင်ငံများတွင် ပါရမီရှင်များစွာ ထွက်ပေါ်လာကြသည်။ တခြားနိုင်ငံများ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲများတွင် အောင်သည်၊ ရှုံးသည်မရှိ။ ကျောင်းသားတစ်ဦးချင်းစီ၏ စာသင်နှစ်အလိုက် မှတ်တမ်းများ ကောက်ယူထားပီး မှတ်တမ်းထဲတွင် ပါသည့် အဆင့်တွေအလိုက် တက္ကသိုလ်ကို တက်ခွင့်ရသည်။ အဆင့်ကောင်းသည် ကျောင်းသားသည် တက္ကသိုလ် ကောင်းကောင်း တက်၍ရသည်။ ဥပမာဆိုရလျှင် ဆရာဝန်ဖြစ်ချင်သော ကျောင်းသားနှစ်ယောက်တွင် နှစ်ယောက်လုံး ဆရာဝန်ဖြစ်ခွင့်ရသော်လည်း အဆင့်ကောင်းသော ကျောင်းသားသည် နာမည်ကြီးသော တက္ကသိုလ်မှ ကျောင်းပီး၍ အဆင့်မကောင်းသော ကျောင်းသားသည် နာမည်မရှိသောတက္ကသိုလ်မှ ကျောင်းပီးပေလိမ့်မည်။
မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်ခွင့်ကို အမှတ်နှင့် ဆုံးဖြတ်ရာတွင်လည်း စာမေးပွဲရှိ အဖြေလွှာပေါ် တွင်ဖြေဆိုနိုင်သည့် ရလဒ်တစ်ခုတည်းဖြင့် ဆုံးဖြတ်နေသည်မှာ ပြောစရာတစ်ခုပင်ဖြစ်သည်။ အဖြေလွှာပေါ်တွင်သည်သာ အမှတ်ပေးသည့်အတွက်
ကျောင်းသားများသည် အမှတ်ရရေးသာ ဦးတည်ပီး လုပ်ကြတော့သည်။ ပညာရပ်ရဲ့ အဆက်အစပ်တွေ၊ ပညာရပ်နှင့် လက်တွေ့မှာ ဘယ်လို ပြန်အသုံးချမလဲ အစရှိသည်တို့ကို ကျောင်းသားများမှာ စိတ်ကိုမဝင်စားတော့ပါ။
ထို့ကြောင့် စာမေးပွဲ အမှတ်တစ်ခုတည်းတင် မဟုတ်ဘဲ ကျောင်းသားဟာ သင်ယူထားတွေကို လက်တွေ့တွင် ဘယ်လောက်ပြန်လည် အသုံးချနိုင်သလဲ စတဲ့ အပေါ်မှာပါ အမှတ်ကို ပေးမည်ဆိုလျှင် ပညာရေးစနစ်မှာ ပို၍ အသက်ဝင်လာမည်ဟု ထင်ပါသည်။
ယခု မိမိနိုင်ငံတွင်လည်း သင်ကြားမှု ပြောင်းလဲရေး ဗျူဟာများဖြင့် လုပ်ဆောင်နေပီဖြစ်သည်။ သင်ကြားမှုတွင် ဆရာဗဟိုပြုသင်ကြားရေးစနစ်မှသည် ကလေးဗဟိုပြုသင်ကြားရေးစနစ်ကို ပြောင်းလဲသင်ကြားနေပီဖြစ်သည်။ သို့သော်လည်း ယခုအချိန်ထိ ထင်သလောက် မထိရောက်သေးသည်ကို တွေ့နေရသည်။ ကျောင်းသူ၊ကျောင်းသားများ သည်လည်း ဆရာ၊ဆရာမများ သင်ကြားထားသည့်အတိုင်း အာဂုံဆောင်နေရဆဲပင်ဖြစ်သည်။ ကျက်ဖြေပုံစံ အတိုင်းဖြင့် စာမေးပွဲ ဖြေနေရဆဲပင် ဖြစ်သည်။ ဒါ့အပြင် ကျူရှင်တက်၍ မေးခွန်းရသည့် အဖြစ်များကလည်း လက်တွေ့တွင် ရှိနေဆဲပင်ဖြစ်သည်။ ကလေးများ ကိုယ်တိုင်ကလည်း စဉ်းစားတွေးခေါ်ခြင်း ဉာဏ်နည်းပါးကြသည်။ ဤသည်မှာလည်း သူတို့ချည်း အပြစ်တင်လို့မရချေ။ မိဘများ၊ဆရာ၊ဆရာမများ ကိုယ်တိုင်က အကျင့်လုပ်ပီး သင်ကြားပေးခါမှ စဉ်းစားတွေးခေါ်တတ် လာမည်ဖြစ်သည်။ စာမေးပွဲအောင်ရေးအတွက်သာ အားစိုက်နေကြသည်ကို တွေ့ရသည်။ ပညာရေးလောကကြီးကို ပြောင်းလဲလိုလျှင် အခြေခံပညာရေးကဏ္ဍ
သည် အဓိကထား၍ ပြုပြင်ပြောင်းလဲရမည့် ကဏ္ဍဖြစ်သည်။ အခြေခံပညာရေးကဏ္ဍကို မပြုပြင် မပြောင်းလဲနိုင်သေးဘဲနှင့် အလယ်တန်းအဆင့်မှစ၍ တက္ကသိုလ်အဆင့်အထိ စာသင်နှစ်များတိုး၍ သင်ကြားသော်လည်း ထူးမည်မထင်ပါ။ စာသင်နှစ်တိုး၍ အချိန်ကုန်၊ ငွေသာကုန်သွားကာ အကျိုးမရှိသည့် ကိစ္စများဖြစ်လာနိုင်သည်ကိုပါ ထည့်သွင်းစဉ်းစားသင့်သည်။ အခြေခံပညာရေးကဏ္ဍကိုပင် မပြောင်းလဲ နိုင်သေးလျှင် ၎င်းအပေါ်တွင် အခြေခံနေသော အလယ်တန်း၊အထက်တန်း၊တက္ကသိုလ် စသည့် အဆင့်များတွင် လိုအပ်ချက်များစွာ ရှိနေအုံးမည်သာ ဖြစ်ပေတော့သည်။ ပြုပြင်ပြောင်းလဲရန် လိုအပ်နေသော နောက်တစ်ခုမှာ သင်ရိုးညွှန်းတမ်းများပင်ဖြစ်သည်။ ယခု လက်ရှိတွင် သင်ကြားနေသော သင်ရိုးညွှန်းတမ်းပါ ဖတ်စာများသည် ကျောင်းသူ၊ကျောင်းသားများ၏ စဉ်းစားတွေးခေါ်မှုကို တိုးတက်စေပါသလား ဟု မေးခွန်း အရင်ထုတ်ရမည်ဖြစ်သည်။ ဖတ်စာစာအုပ်များရှိ မေးခွန်းများသည် များသောအားဖြင့် ဖတ်စာပါ အကြောင်းအရာများကိုပင် ပြန်လည်မေးထားကြောင်း တွေ့ရသည်။ ဖတ်စာကို ကျက်ထားရုံဖြင့် ဖြေနိုင်သည်၊ စဉ်းစားတွေးခေါ်ရန် မေးထားသည့် မေးခွန်းပါသည်က ရှားသည်။ ကျွန်ုပ် ပြောချင်သည်မှာ ဖတ်စာများတွင် စဉ်းစားတွေးခေါ်ပီးမှ ဖြေရမည့် မေးခွန်းမျိုး များများထည့်စေချင်သည်။ ဤမှသာ ကျောင်းသူ၊ကျောင်းသားများ၏ စဉ်းစားတွေးခေါ်မှု အပိုင်းကို ပို၍တိုးတက်လာစေမည် ဖြစ်ပေသည်။ ယင်းကဲ့သို့ တွေးခေါ်စဉ်းစားမှုများ ပါဖို့ဆိုလျှင် ဆရာ၊ဆရာမများ၏ အပိုင်းသည်လည်း အမှန်တကယ်ပင် အရေးကြီးလှသည်။ ကျောင်းသူ၊ကျောင်းသားများသည် များသောအားဖြင့် ကျောင်းတွင်ပဲ အချိန်ကုန်ကြသည်။ ထို့ကြောင့် သူတို့နှင့် အချိန်ကြာကြာနေရသော ဆရာ၊ဆရာမများမှာ အလွန်အရေးပါသည်။ သင်ကြားပေးသည့် ဆရာ၊ဆရာမ အရည်အချင်း ပြည့်ဝရင် ပြည့်ဝသလို ကျောင်းသူ၊ကျောင်းသားများ၏ အရည်အချင်းမှာလည်း တဖြည်းဖြည်း ပြည့်ဝ တိုးတက်လာမည်ဖြစ်သည်။ ကျွန်ုပ် အထက်တွင် ပြောသွားသည့် ဆရာဗဟိုပြု သင်ကြားရေးမှသည် ကလေးဗဟိုပြုသင်ကြားရေးသို့ ပြောင်းလဲနေပီဖြစ်သည်ဟု ဆိုသည်မှာ စာသင်ခန်းထဲတွင် ဆရာ၊ဆရာမများ သင်ကြားနေသည်ကိုပဲ နားထောင်နေ၍ မရပါ။ ဤအတိုင်းဆိုလျှင် ဆရာဗဟိုပြု သင်ကြားရေးသာ ဖြစ်နေပါလိမ့်မည်။ ကျောင်းသူ၊ကျောင်းသားများ၏ စဉ်းစားတွေးခေါ်မှုကို ဦးစားပေး၍ သင်ကြားမှသာလျှင် ကလေးဗဟိုပြု သင်ကြားရေးဖြစ်ပေလိမ့်မည်။
သို့သော် တကယ့်လက်တွေ့ သင်ကြားရေးတွင် ဤကဲ့သို့ ဖြစ်မလာပါ။ အပြောက အပြော အလုပ်က အလုပ်သာ သက်သက်စီ ရှိနေပါတော့သည်။ စဉ်းစားတွေးခေါ်ရမည့် မေးခွန်းမျိုးဖြစ်သည့် စာစီစာကုံး၊ အက်ဆေးတို့လို မေးခွန်းမျိုးတွေကိုတောင် ကျောင်းသားဂုဏ်ထူးမထွက်မှာ စိုး၍ အတင်းကျက်ခိုင်းနေသည်များကို ကြားမြင်နေရပါသည်။ ဤသည်ကို ကြည့်လျှင်ပင် ပြောင်းလဲနေသော ပညာရေးမှာ အလုပ်မဖြစ်ကြောင်း သိနိုင်သည်။
နောက်တစ်ချက် ပြောချင်သည်မှာ လွတ်လပ်စွာ စဉ်စားတွေးခေါ်နိုင်ရန်မှာ မိဘများနှင့်လည်း သက်ဆိုင်ပါသေးသည်။ ယခု အပြိုင်အဆိုင် ခေတ်ကြီးတွင် မိဘများ ပုံသွင်းလာသည်မှာ မိမိကလေးမှာ ငယ်စဉ်ကတည်းက ဘာကိုတော်သည်၊ ဘာကို စိတ်ဝင်စားသည်။ ဤသည်ကို လားလားမှ ဂရုမစိုက်၊ မိမိကလေးကို စာကိုသာ အတင်းဖိလုပ်ခိုင်းသည်။ ဆရာဝန်၊ အင်ဂျင်နီယာကြီးဖြစ်ရန်သာ ကြိုးစားခိုင်းသည်။ ဆရာဝန်ကြီး၊အင်ဂျင်နီယာကြီး ဖြစ်လျှင် အလုပ်ကောင်းကောင်းရ၍ ပိုက်ဆံကောင်းကောင်းရမည်ဟု မိဘများက ငယ်စဉ်ကတည်းက ရိုက်သွင်းလာကြသည်။ မိဘများ၏ သားသမီးကို ကြီးပွားတိုးတက်စေချင်သော စေတနာကို ကောင်းစွာနားလည်သော်လည်း
ဤသည်မှာ တကယ့်လက်တွေ့ဘဝတွင် အမှန်တကယ် အလုပ်မဖြစ်ကြောင်း
စာဖတ်သူတို့ ကောင်းစွာ သဘောပေါက်မည် ထင်ပါသည်။ ကမ္ဘာကျော် စွန်းဦးတီထွင် ဘီလီယံနာ သူဌေးများသည် စဉ်းစားတွေးခေါ်နိုင် စွမ်းအားကောင်းသဖြင့် ဤကဲ့သို့ ချမ်းသာလာခြင်း ဖြစ်သည်။ တနေ့က ကျွန်ုပ် ပို့စ်တစ်ခုကို ဖတ်လိုက်ရပါသည်။ ထိုထဲတွင် သန်းကြွယ်သူဌေးလုပ်ငန်းရှင်ကြီးတွေ၊
ကမ္ဘာကျော် အနုပညာရှင်ကြီးတွေ စသောသူတို့သည် အကယ်၍ မြန်မာပြည်မှာ မွေးဖွားလာခဲ့လျှင် ယခုကဲ့သို့ အောင်မြင်ချင်မှ အောင်မြင်လိမ့်မည်ဟု ဆိုထားသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် ကလေးငယ်များသည် ငယ်စဉ်ကတည်းက ကိုယ်ပိုင်အရည်အချင်း၊ စဉ်စားတွေးခေါ်မှု စသည်တို့ကို ရိုက်ချိုးခံခဲ့ရသည်ဖြစ်ရာ ပါရမီရှင်တစ်ယောက်ထွက်ပေါ်လာဖို့ရန်မှာ အင်မတန် ခဲယဉ်းလှပေသည်။ အကယ်၍ ထွက်ပေါ်လာခဲ့ရင်တောင် မိမိမြန်မာနိုင်ငံမှာလည်း ထိုသူကို နှိပ်ကွပ်ဖြစ်ရန် စဉ်းစားနေကြသည်က များသည်။
ဤသည်မှာပင် မြန်မာနိုင်ငံ ကောင်းစွာ မတိုးတက်သည့် မဟာအမှားပင် ဖြစ်ပေတော့သည်။ နိဂုံးချုပ် အနေဖြင့် ပြောရမည်ဆိုလျှင် မြန်မာနိုင်ငံ၏ ပညာရေးကို တိုးတက်ပြောင်းလဲစေရန်မှာ ကျောင်းသူ၊ကျောင်းသား မိဘ၊ဆရာ၊ဆရာမများ အားလုံးပူးပေါင်းကာ တက်ညီလက်ညီဖြင့် စုပေါင်းဆောင်ရွက်မှသာလျှင် ထိရောက်စွာဖြင့် ပြောင်းလဲနိုင်မည် ဖြစ်ပါတော့သည်။
ရေးသားသူ : မောင်ချမ်းသာ
May 17, 2018 at 10:27 am