‘ ပညာရေးနှင့် ဆရာမများ၏အခန်းကဏ္ဍ ’
ကျွန်မတို့ငယ်ငယ်က ပညာရေးစနစ်ဟာ ကောင်းမွန်ပြည့်စုံတဲ့ စနစ်တစ်ခုမဟုတ်ခဲ့ပေမဲ့ ကောင်းမွန်တဲ့ဆရာမတွေနဲ့တော့ တွေ့ဆုံခဲ့ကြပါတယ်။
‘ ပုခက်လွှဲတဲ့လက်တွေကသာ ကမ္ဘာကိုအုပ်စိုးနိုင်မယ် ’ ဆိုသလို ကျွန်မတို့ဟာ မိဘရင်ခွင်ကနေ ခွဲခွာချိန်မှာ စတင်ရှိခဲ့တဲ့နေရာဟာ အမေလိုဆရာမနဲ့ အိမ်နဲ့တူတဲ့ စာသင်ခန်းနဲ့ကြုံခဲ့ရတာမို့ ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ ကျွန်မတို့ဘက်ကလည်း ဆရာမတွေရဲ့ဆုံးမမှုတိုင်းဟာ စေတနာကြောင့် မေတ္တာကြောင့်လို့ ခံယူဖို့လိုပါတယ်။
စိတ်အခန့်မသင့်လို့ဖြစ်စေ၊ မပြေလည်တာတစ်ခုခုကြောင့်ဖြစ်စေ ဆရာမတွေကပြောဆိုဆက်ဆံတဲ့အခါတိုင်း မကောင်းတဲ့စိတ်တစ်ခုမှ ပါဝင်တာမဟုတ်ကြောင်းလည်း မိဘတွေအနေနဲ့ သင်ပြပေးထားဖို့လိုမယ် ထင်ပါတယ်။
ဆရာ/မတိုင်းဟာ ကြီးမြတ်တဲ့စိတ်ထားနိုင်မှ ဒီအလုပ်ကိုလုပ်နိုင်တယ်လို့ ယုံကြည်ပါတယ်။
လွန်ခဲ့တဲ့ခေတ်က ပညာရေးစနစ်မှာ မိဘတွေရဲ့ပါဝင်မှုနှုန်းဟာ ကျောင်းကောင်စီကနေတစ်ဆင့်သွားရတာဖြစ်လို့ အခုလို တိုက်ရိုက်ပါဝင်လာကြတာ တော်တော်နည်းပါးခဲ့ပါတယ်။
ပါဝင်တဲ့အခါလည်း ကျောင်းသား မိဘ ဆရာ မျက်နှာချင်းဆိုင် ဖြေရှင်းကြတာမို့ တကယ့်ကို ယုံကြည်ရတဲ့ကာလများပါပဲ။
မိဘတွေကအစ ဆရာမကို ‘ သေသေရှင်ရှင် ဆရာမရဲ့သားသမီးလိုဆုံးမနိုင်ပါတယ်၊ ဆရာမလက် အပ်ပါတယ် ’ဆိုပြီး ယုံကြည်စွာနဲ့ အပ်နှံကြတာမို့ ဆရာမသာလျှင်မိဘ၊ဆရာမသာလျှင်အုပ်ထိန်းသူဖြစ်တဲ့ခေတ် လို့ဆိုနိုင်ပါတယ်။
ကျောင်းသားတစ်ယောက်ချင်းရဲ့ ဝေယျာဝစ္စကအစ လိမ္မာရေးခြားရှိဖို့၊အပြောအဆိုယဉ်ကျေးဖို့၊ လက်ရေးလှလှရေးတတ်ဖို့ကနေ အိမ်သာသွားတဲ့အထိ ဆရာမ မပါရင်မပြီးခဲ့ပါဘူး။
ဒါ့အပြင် ကျုရှင်တွေမရှိသေးတော့ ကျောင်းပိတ်ရက်ဆိုရင် စာမလိုက်နိုင်တဲ့ကလေးတွေကို သီးသန့်ခေါ်သင်ပေးပြီး သေချာရှင်းပြပေးတဲ့ဆရာမ၊ ထူးချွန်တဲ့ကျောင်းသားကို ထူးချွန်သလောက်အခွင့်အရေးပေးတတ်တဲ့ဆရာမ၊ ချို့တဲ့သူကျောင်းသားကို သနားစိတ်နဲ့ကူညီဖေးမနေတဲ့ဆရာမ အစရှိသဖြင့်ဆရာ/ဆရာမတွေရဲ့ ဂုဏ်ရည်ကို အခုချိန်ထိမမေ့လောက်အောင် ကျေးဇူးတင်လေးစားထိုက်တဲ့ဆရာမတွေ ရှိခဲ့ပါတယ်။
မိဘတွေအနေနဲ့လည်းဆရာ/မတွေအပေါ် ရိုသေလေးစားကြပြီး တက်ညီလက်ညီနဲ့ အတူတကွရှိခဲ့ကြတယ်လို့ ပြောလို့ရနိုင်ပါတယ်။
အခုခေတ်ဟာ ပညာရေးအားပြုတဲ့ စနစ်တစ်ခုဖြစ်လာတာနဲ့အညီ ကျောင်းသားတစ်ယောက်က အိမ်မှာနေချိန်ထက် စာသင်ခန်းထဲရှိနေတဲ့အချိန်က ပိုများပါတယ်။
ဒါကြောင့် ကျောင်းသားတစ်ယောက်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဟာ ဆရာမတွေအပေါ် တစ်စိတ်တစ်ပိုင်းထက်မက မူတည်ပါတယ်။
ပညာရေးစနစ်ပြောင်းလဲလာတာနဲ့အမျှ ဆရာမတွေအနေနဲ့ရော၊ကျောင်းသားတွေအနေနဲ့ရော၊ မိဘတွေအနေနဲ့ပါ ညည်းညူလာကြတာကို တွေ့နေရပါတယ်။
ပညာရေးစနစ်ကိုပိုပြီးကောင်းမွန်စေချင်တယ်ဆို ဆရာ/မ တွေကို ပြောင်းလဲထားတဲ့ပညာရေးသင်ရိုးတွေအကြောင်း သေချာလေ့ကျင့်ပေးပြီးမှ စာသင်ခန်းအတွင်းပို့ပေးသင့်သလို ဆရာမတွေအနေနဲ့လည်း အခုချိန်မှာ ပညာရေးစနစ်ပြောင်းလဲမှုအပေါ် အတင်းအဓမ္မစေခိုင်းတာမျိုးကြောင့်မဟုတ်ပဲ စိတ်ပါလက်ပါနဲ့လက်ခံပေးဖို့လိုမယ်ထင်ပါတယ်။
ထို့အပြင် မိဘတွေအနေနဲ့လည်း ဆရာ/မတွေရဲ့ အခက်အခဲကိုနားလည်ပေးပြီး တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်ရင် ပိုကောင်းပါတယ်။
ပြောင်းလဲစကာလမှာတော့ အကုန်လုံးကအခက်တွေ့နေကြမှာဖြစ်ပေမဲ့ လိုအပ်ချက်တွေကို ဝိုင်းဝန်းကူညီဖြည့်ဆည်းပေးရင် အချိန်တစ်ခုရောက်လာရင် နေသားကျသွားပါလိမ့်မယ်။
နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ လူငယ်တွေအပေါ်အများကြီးမူတည်တာမို့ လူငယ်တွေကို ထိန်းကျောင်းပေးရတဲ့ ဆရာမတွေရဲ့တာဝန်ကလည်း ပိုကြီးပါတယ်။
ဒါ့အပြင် ပညာရေးစနစ်အတွက် ဆရာ/မ အင်အားဟာအရေးကြီးတယ် သတ်မှတ်ထားသလို ဆရာ/မ ရဲ့စားဝတ်နေရေး၊လုံခြုံရေးဟာလည်း အရေးကြီးလှပါတယ်။ လုံလောက်တဲ့လစာ၊လုံခြုံတဲ့နေထိုင်ရေး၊ညီမျှတဲ့အခွင့်အရေးမျိုး ရရှိဖို့ကလည်း လုပ်နေတဲ့အလုပ်ပေါ်ပိုပြီးအားစိုက်ထုတ်ဖို့အတွက် ပိုမိုလိုအပ်လှပါတယ်။
နောက်ဘက်ကပတ်ဝန်းကျင်ကို ပူစရာမလိုတော့မှ ရှေ့ဆက်လျှောက်ရတာ ပိုမိုလွယ်ကူလာနိုင်မှာပါ။
ပညာရေးစနစ်ကောင်းမွန်လာဖို့ဆိုတာကလည်း ဆရာမနဲ့ကျောင်းသားဟာ ဘက်ညီနေမှ၊ ပညာတတ်တဲ့ဆရာမက စာသင်တတ်မှသာ ပညာတတ်တဲ့ကျောင်းသား ထွက်ပေါ်လာနိုင်မှာမလား?။
တိုင်းပြည်ရဲ့တိုးတက်မှုမြန်ဆန်ဖို့ကို ပညာတတ်လူငယ်တွေကသာ စွမ်းဆောင်နိုင်မှာပါ။
ဒါ့ကြောင့် ပညာရေးသော့ကို ကိုင်ဆောင်ထားတဲ့ ဆရာ/မ တွေကို ကောင်းမွန်စွာလေ့ကျင့်ပေးပြီး လိုအပ်ချက်တွေကို မြန်မြန်ဆန်ဆန်ထောက်ပံ့ပေးနိုင်ဖို့ တိုက်တွန်းရင်း…။
Jue
March 11, 2019 at 04:16 pm