ကလေးများအတွက် ငယ်စဉ်ဘဝသည် ပိုပြီးအရေးကြီးလှသည်။ ငယ်စဉ်ကလေးငယ်များ စိတ်ဒဏ်ရာများမရရှိအောင် အများနည်းတူဖွံ့ဖြိုးရန်မှာလည်း လိုအပ်ပါသည်။ “အခြေခိုင်မှ အမြင့်ရောက်သော်ပိုခိုင်မည်” ဟူသည့်အတိုင်း ငယ်ရွယ်စဉ်ဘဝမှစပြီး သင်ကြားပေးရမည့်လုပ်ဆောင်ပေးရမည့် အကြောင်းရာများကို သေချာပြုလုပ်ပေးရမည်။ မူကြိုနေကလေးဘဝတွင် သင်ကြားရာတွင် စာချည်းမဟုတ်ပဲဖွံ့ဖြိုးမှု များနှင့်အညီသင်ကြားပေးရမည်လည်းဖြစ်သည်။
ကလေးငယ်များကိုပြုစုပျိုးထောင်ရာတွင် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ သိမှုပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်လှုပ်ရှားမှုဆိုင်ရာဖွံ့ဖြိုးမှု၊ စာရိတ္တပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ဟူသောဖွံ့ဖြိုးမှု (၅)ရပ် နှင့်အညီ လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်လိုအပ်သည်။ ထိုသို့ပြုစုပျိုးထောင်မှုတွင် မိဘများတွင်သာမက ကလေးသူငယ်များကိုပြုစုစောင့်ရှောက်သော ဆရာ/ဆရာမ များသည်လည်း အရေးကြီးလှပါသည်။မိဘအများစုသည် အလုပ်များလုပ်ကိုင်နေရသောကြောင့်ကလေးများကို ထိန်းသိမ်းပြုစောင့်ရှောက်ရန် အဘိုး၊အဘွားများ ၊ နေ့ကလေးထိန်းကျောင်းများ၊ မူကြိုကျောင်းများထံသို့ ပို့ဆောင်အပ်နှံကြရသည်။ သို့မှသာ မိဘများအနေဖြင်အလုပ်များအေးဆေးစွာလုပ်ကိုင်နိုင်မည်ဖြစ်သည်။ ထိုထိန်းသိမ်းပြုစုစောင့်ရှောက်သူများသည် ကလေးငယ်များအကြောင်း ၊ဖွံ့ဖြိုးမှုနှင့်ပတ်သက်သောအကြောင်းအရာများ ကိုသိရှိထားရန်အရေးကြီးလှသည်။ ကလေများကိုထိန်းရုံနှင့် မလုံလောက်သဖြင့်ကလေးများ ကျန်းမာစွာဖွံ့ဖြိုးကြီးထွားနိုင်ရန်လည်း အရေးကြီးလှသဖြင့် သိသင့်သလောက်သောအကြောင်းရာများကို သိရှိစေရန်လိုအပ်သည်။
ယခုအခါတွင်နေ့ကလေးထိန်းကျောင်းများနှင့် မူကြိုကျောင်းများသည် မြို့ကြီးများတွင်များစွာဖွံ့လှစ်လာကြသည်။ အစိုးရမှလည်း လူမှုဝန်ထမ်းနှင့်ပူပေါင်းပြီးမူလတန်းကြိုကျောင်း(မူကြို)များကို မြို့နယ်များ၊ ကျေးရွာများအုပ်စုလိုက် ဖွင့်လှစ်ပေးထားပါသည်။ အစိုးရမူကြိုများသည် လစာနှုန်းများနည်းပေးထားပြီး အာဟာရမျှတသောနေ့လည်စာများကိုလည်း စီစဉ်ကျွေးမွေးပေးသည်။ အစိုးရကျောင်းဖြစ်သောကြောင့် လက်လုပ်လက်စားမိဘများပါထားနိုင်အောင်စီစဉ်ပေးထားသည်။ ကလေးများဖွံ့ဖြိုးစေရန်အထူး အလေးပေးသင်ကြားပေးနေပါသည်။ ပြင်ပ ပုဂ္ဂလိဂမူကြိုကျောင်းများသည်လည်း ကလေးများအတွက်သင်ကြားပေးရာတွင် မြန်မာသင်ရိုးများသာမက နိုင်ငံခြားမှသင်ရိုးများကိုပါတွြဲပီးသင်ကြားလာကြပါသည်။ တစ်ချို့ကျောင်းများသည် နိုင်ငံခြားသင်ရိုးများ ကိုအဓိကထား သင်ကြားသောကျောင်းများ လည်းရှိသည်။ ထိုသို့ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေး ကျောင်းများသည် မြို့ပြများတွင်သာ အများအပြားရှိပြီး ကျေးလက်ကျေးရွာများတွင် နည်းပါးလျက်ရှိသည်။ အစိုးရနှင့်ပြည်သူ၊ ပြည်သားများ၊ လူမှုဝန်ထမ်းဦးစီးဌာန များမှပူးပေါင်းပြီးဖွင့်လှစ်နိုင်ရန်စီစဉ် လျက်ရှိသည်။
ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု
ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွင် ကျန်းမာရေးသည်အရေးကြီးလှသည်။ ကျန်းမာရေးအတွက်လိုအပ်သောအစားအစာများ၊ အာဟာရပြည့်ဝသော အစားအစာများကိုကျွေမွေးရန်လိုအပ်သည်။ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် မူကြိုအရွယ်သည်အရေးကြီးသောကာလဖြစ်သည်။ မိဘများနှင့်ပြုစုစောင့်ရှောက်သူများသည် နွေးထွေးမှု၊ လုံခြုံမှု၊ မေတ္တာတရားများဖြင့်စောင့်ရှောက်ရန် လိုအပ်သည်။ စူးစမ်းလေ့လာခွင့်ရရှိစေသော ပတ်ဝန်းကျင်တွင်လည်း အခွင့်လမ်းများပေးရမည်။
သို့မှသာမိမိကိုယ်ကိုယုံကြမည်ဖြစ်သည်။ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို တစ်နည်းဖြင့် ခန္ဓာကိုယ်အရွယ်အစား ကြီးထွားမှုကြံ့ခိုင်မှုကိုဆိုလိုသည်။ ကြွက်သားကြီးငယ်တို့သည် ထိန်းချုပ်လာနိုင်ပြီး ကြွက်သားလှုပ်ရှားမှုဖွံ့ဖြိုးလာသည်။ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကာကွယ်ဆေးများမှန်မှန်ထိုးပေးခြင်းများလည်း ပြုလုပ်ပေးရမည်။ ကလေးများသည် ပြေးခြင်း၊ကခြင်း၊ခုန်ခြင်း၊အမြင့်တက်ခြင်း၊ တို့ကိုနှစ်သက်ကြသည်။ ရွှံ့များ၊ သဲများ၊ ရေများ ဖြင့်ကစားခြင်းသည် ကလေးများ၏ လက်ချောင်းများကို လိုအပ်သလိုထိန်းချုပ်နိုင်အောင် ထိရောက်စွာလေ့ကျင့်ပေးနိုင်သည်။ ကြွက်သားကြီးများဖွံ့ဖြိုးစေရန် အတက်အဆင်းများလုပ်တတ်စေရန်၊ အရာဝတ္ထုများကိုတောင်းထဲသို့ပစ်တတ်စေရန်၊ ခြေကိုလှုပ်ရှားတတ်စေရန်၊ လက်ခုပ်တီးတတ်စေရန်၊ ဟန်ချက်ညီစွာထိန်းပြီး လမ်းလျှောက်တတ်စေရန် ပြုလုပ်ဆောင်ရွက်ပေးရန်လိုအပ်သည်။ ကြွက်သားငယ်များသန်မာစေရန် အဖုံးများကိုလွယ်ကူစွာလှည့်နိုင်ရန်၊ ခွက်ထဲသို့ရေ(အရည်များ) မဖိတ်စင်အောင်ထည့်နို်င်စေရန်၊ ကြယ်သီးများတပ်တတ်စေရန် သင်ကြားပေးရန်လိုအပ်ပါသည်။
သိမှုပိုင်းဆိုင်ရာဖွံ့ဖြိုးမှု
ကလေးများ၏စဉ်းစားပုံ၊ သင်ယူပုံများသည် သိမှုပိုင်းဆိုင်ရာနှင့်သက်ဆိုင်သည်။ ကလေးတစ်ဦးနှင့်တစ်ဦးသည် အသိဉာဏ်ဆိုင်ရာဖွံ့ဖြိုးမှုခြင်း မတူပေ။ တစ်ဦးချင်းအပြန်အလှန်ဆက်ဆံရာမှ လည်းကောင်း၊ ပတ်ဝန်းကျင်နှင့်အပြန်အလှန်ဆက်ဆံရာမှလည်းကောင်း သိမှုစွမ်းရည်ဖွံ့ဖြိုးသည်။ ဖြစ်စဉ်များ၊ အကျိုးအကြောင်းများ၊ အကျိုးပြုပုံ၊ အန္တရ့ာယ်ပြုပုံများ၊ အမျိုးအနွယ်မျာ၊ သဘာဝအကြောင်းရာများကို နားလည်အောင်ပြောပြပေးရန်လိုအပ်သည်။ အမျိုးအစား၊ အကြီးအသေး၊ အနည်းအများ၊ အရောင်များ၊ ပုံသဏ္ဌန်များ၊ အရာဝတ္ထုများ ခွဲတတ်စေရန်၊ ကိန်းဂဏန်းများရေတွက်တတ်စေရန်၊ တည်နေရာများကိုသိရှိစေရန်၊
အစိတ်ပိုင်းအညီမျှခွဲတတ်စေရန် သင်ကြားပေးခြင်းသည် သင်္ချာပိုင်းဆိုင်ရာသိမှုနှင့်သက်ဆိုင်သည်။ အလင်းအမှောင်၊ အပူအအေး၊ နေနှင့်ည စသည့်သဘောကိုနားလည်သိရှိစေရန်၊ ရေပေါ် ပေါ်ခြင်း၊ စုပ်ယူခြင်း၊ အငွေ့ပျံခြင်း၊ ပျော်ဝင်ခြင်း စသည့်သိပ္ပံဆိုင်ရာ သဘောတရားများကိုသိရှိနားလည်စေရန် လိုအပ်ပါသည်။ ကလေးများသည် ကစားခြင်းဖြင့်သင်ယူတတ်ကြသည်။ သင်ယူရာတွင်သဘာ၀ အလျှောက်သင်ယူခြင်းများ ဖြစ်စေရန်ပြုလုပ် ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။ စကားလုံးများ၊ နံပါတ်များ၊ အရာဝတ္ထုအကြောင်းအရာ သဘောတရားများကို အတင်းကြပ်သင်ပေးရန် မသင့်တော်ပေ။ ကလေးများနှင့်အပြန်အလှန်စကားပြောပေးခြင်း၊ ကစားပေးခြင်း၊ မေးခွန်းများအပြန်အလှန်မေးပေးခြင်း၊ ဖြေကြားပေးခြင်း၊ စူးစမ်းလေ့လာမှုများပေးခြင်း ဖြင့်ကလေးများကိုသင်ကြားပေးခြင်းသည် အသိဉာဏ်ဗဟုသုတများ ပိုမိုတိုးပွားလာစေပြီး သိမှုဆိုင်ရာများဖွံ့ဖြိုးတိုးတက် လာပါမည်။ ကလေးငယ်များနှင့်အတူ ပြုစုစောင့်ရှောက်သူများသည် စာဖတ်ပေးခြင်း၊ ပုံပြင်များပြောပြပေးခြင်း၊ သဘာဝပတ်ဝန်းကျင်တွင် တွေ့ရှိသမျှကို ကလေးများစိတ်ဝင်စားပြီး အကြောင်းအရာများကိုပိုမို သိရှိအောင်လည်းလုပ်ဆောင်ပေးနိုင်သည်။ ထိုသို့ပြုလုပ်ဆောင်ရွက်ပေးခြင်း ခံရသောကလေးသည် သာမန်ကလေးများထပ် သိမှုပိုင်းဆိုင်ရာတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ လှုံ့ဆော်မှုကောင်းသော ပတ်ဝန်းကျင်သည် ကလေးငယ်များအတွက် အသိဉာဏ်ဖွံ့ဖြိုးစေရန်သော့ချက်ပင် ဖြစ်သည်။ ကလေးငယ်များကိုမေးခွန်းများမေးရာတွင်လည်း အမှား၊အမှန်ဟူပြီး မရှိသောမေးခွန်းများကိုမေးသင့်ပါသည်။ စဉ်းစားရခြင်း၊ ဆင်ခြင်ခြင်း၊ ဘာသာစကားဆိုင်ရာအသုံးပြုခြင်းတို့ကို အားပေးနိုင်သည်။ တစ်ခါတစ်ရံ ကလေးများမေးသော မေးခွန်းများတွင် အဖြေများရှိနေတတ်သည်။ ထိုမေးခွန်းများကို ပြန်မေးလိုက်ခြင်းဖြင့် ကလေးများသည် ပြဿနာအားဖြေရှင်းပြီးသားဖြစ်သွားနိုင်သည်။ ကလေးများသင်ယူလေ့လာမှုရရှိစေရန် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်လိုအပ်ပါသည်။
လူမှုရေးဆိုင်ရာဖွံ့ဖြိုးမှု
လူမှုရေးဆိုင်ရာဖွံ့ဖြိုးမှုတွင် ကလေးများလူအများနှင့်ဆက်ဆံပုံ အရေးကြီးလှပါသည်။ သင့်လျော်သောဆက်ဆံရေးများ ရရှိစေရန်လိုအပ်ပါသည်။ အခြားသူများနှင့် ဝေငှခွဲယူတတ်ခြင်း၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်လေးစားတတ်စေခြင်း၊ အခြားသူများကိုနားလည်တတ်စေခြင်း၊ လက်ခံတတ်ခြင်း၊ မိတ်ဆွေအပေါင်းသင်းဖွဲ့တတ်စေခြင်း၊ ပူးပေါင်းလုပ်ကိုင်တတ်ခြင်း၊ မိမိအပြုအမူကို တာဝန်ယူတတ်ခြင်း၊ သူတစ်ပါးပြောဆိုသောစကားများကို နားထောင်တတ်စေခြင်း စသည့်တွေ့ကြုံ တတ်မြောက်လာစေမည့် အတွေ့အကြုံများကိုပေးသင့်ပါသည်။ လူကြီးများအနေဖြင့်လည်းကလေးများနှင့် စကားပြောဆိုရာတွင်အခက်အခဲရှိနိုင်ပါသည်။ ကလေးများသည် ဘာသာစကားမဖွံ့ဖြိုးသေးသောအရွယ် ရှိနေပါသည်။ ထို့ကြောင့်ကလေးငယ်များနှင့် ပြောဆိုရာတွင် အပေးယူလွဲများ မဖြစ်နေစေရန် ကလေးများကို အလေးထားဂရုပြုရန် လိုအပ်ပါသည်။ စုပေါင်းကစားခြင်း၊ အဖွဲ့များခွဲပြီးကစားခြင်း၊ အတုလုပ်တိုင်းများကစားခြင်းဖြင့်ကလေးများ၏ လူမှုဆက်ဆံရေးအသိများတိုးပွားလာပြီး တစ်ဦးနှင့်တစ်ဦး ဝေငှပြီး နားလည်လာစေနိုင်သည်။ မိမိကိုယ်ကိုယုံကြည်မှုရှိပြီး စောင့်ရှောက်နို်င်အောင် သင်ကြားပေးရပါမည်။ ကိုယ်ပိုင်ခံစားချက်များကိုလည်းဖွင့်ပြောခိုင်းရပါမည်။ အကောင်းမြင်သဘောထားရရှိအောင်၊ တစ်ဦးနှင့်တစ်ဦးသာလွန်သည်ဟု မပြောဆိုပဲ အညီအမျှဆက်ဆံပေးရပါမည်။ သူငယ်ချင်းအပေါင်းသင်းများထားရာတွင် သွားလာနေကြသူငယ်ချင်းမဟုတ်ပဲ အသစ်များထားတတ်အောင်လည်းသင်ကြားပေးရမည်။ ကလေးငယ်များကို သူငယ်ချင်းအသစ်များထားရာတွင် ထိုသူငယ်ချင်း အသစ်များကို စောင့်ရှောက်တတ်ရန် မှာကြားပေးခြင်းသည် ကလေးငယ်များ၏ တာဝန်ယူစိတ်ကိုလည်းဖြစ်စေပါသည်။ ကလေးဘဝမှစပြီး အကြံဉာဏ်၊ ဗဟုသုတ များကိုဖလှယ် ဝေမျှတတ်စေရန်သင်ကြားပေးရမည်။ ကစားပြီးလျှင် ကစားစရာများကိုသိမ်းဆည်းတတ်စေရန်သင်ကြားပေးရမည်။
စိတ်လှုပ်ရှားမှုဆိုင်ရာဖွံ့ဖြိုးမှု
ကလေးများကိုချစ်ခြင်းမေတ္တာများပေးခြင်း၊ ဂရုစိုက်ခြင်း၊ နွေးထွေးမှုပေးခြင်း တို့သည် ကလေးများတွင် မိမိကိုယ်ကိုယုံကြည်မှုရရှိစေပြီး စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုလည်း တိုးတက်စေသည်။ မိမိကိုယ်ကိုကျေနပ်သော၊ လေးစားတတ်သော၊ တန်ဖိုးထားတတ်သော၊ မှီခိုလိုစိတ်မရှိသော ကလေးများဖြစ်စေရန်အရေးကြီးလှသည်။ ထိုသို့လုပ်ပေးခြင်းသည် ကလေးများသည် ပတ်ဝန်းကျင်တွင်မသိသေးသောအရာများ ကိုယုံကြည်မှုရှိစွာဖြင့် သင်ယူရန်အဆင်သင့်ဖြစ်နေကြသည်။ မိမိကိုယ်ကိုလေးစားတတ်သောကလေးများသည် စိတ်ဓာတ်ခိုင်မာသည်။ ကိစ္စတစ်ခုခုကို လွယ်လွယ်နှင့်အရူံးမပေးတတ်ကြပေ။ ပြုစုပျိုးထောင်သူများနှင့်ဆရာ၊ဆရာမများသည် ကလေးများမိမိကိုယ်ကို တန်ဖိုးထားတတ်စေရန် ယုံကြည်မှုရရှိစေရန်တို့ကို လေ့ကျင့်ပျိုးထောင်ပေးရမည်။ ကလေးများအား ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ဆိုးခြင်း၊ စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်းများကို ဖော်ထုတ်ပြောဆိုတတ်စေရန် အကူအညီပေးပါ။ ထိုခံစားမှုများသည် ကြောက်စရာမဟုတ်ကြောင်း လူတိုင်းကြုံတွေ့ဖူးကြောင်း ပြောပြပေးပါ။ စိတ်ခံစားမှုများကို နားလည်သဘောပေါက်စေရန် နှစ်သိမ့်မှုယူတတ်စေရန် အကူညီပေးခြင်း စကားဖြင့်ပြောပြစေရန် လမ်းကြောင်းများဖွင့်ပေးခြင်းတို့ကိုပြုလုပ်ရမည်။ မိမိကိုယ်ကို တာဝန်ယူတတ်စေရန်လည်းပြောပြပေးရမည်။ ကလေးများအား နှိမ့်ချဆက်ဆံခြင်း၊ လှောင်ရယ်ခြင်း၊ အဆင့်တန်းခွဲခြားခြင်း၊ အရှက်ခွဲခြင်း စသည့်အပြုအမှုများကို လုံးဝမလုပ်သင့်ပါ။ ကလေးများကောင်းသောအပြုမှုများ၊ အသစ်ဆန်းများပြုလုပ်ရာတွင်ချီးကျူးပြောဆိုပေးရမည်။ နောက်တွင်အပြုမှုကောင်းများ ပိုမိုလုပ်ချင်လာအောင်ပြောဆိုချီးကျူးပေးသင့်သည်။
စာရိတ္တပိုင်းဆိုင်ရာဖွံ့ဖြိုးမှု
ကလေးများ၏ စာရိတ္တပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွင် မည်သည်က အမှန်ဖြစ်သည်၊အမှားဖြစ်သည် ၊ မည်သည်က အကောင်းဖြစ်သည်၊ အဆိုးဖြစ်သည် တို့ကိုသိရှိနားလည်အောင်သင်ယူခြင်းသည် စာရိတ္တဖွံ့ဖြိုးမှုဖြစ်သည်။ ဘာသာတရားများတွင်ကိုင်းရှိုင်းမှုရှိစေရန် ၊ ရိုသေထိုက်သူများကိုရိုသေတတ်စေရန် ကောင်းမွန်သောစာရိတ္တများ၊ ဖွံ့ဖြိုးစေရန် နမူနာကောင်းများပြပေးရမည်ဖြစ်သည်။ မိဘအသိုင်းဝိုင်းများနှင့် ပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး ကလေး၏စာရိတ္တသည် ဖွံ့ဖြိုးသည်။ မှန်ကန်မှု၊ စာနာမှု၊ ရိုသေမှု၊ လေးစားမှု၊ ရိုးသားဖြောင့်မတ်မှု၊ အများနှင့်ပူးပေါင်းလုပ်ကိုင်နိုင်မှု၊ ချစ်ခင်မှု၊ ကူညီမှု စသည်တို့ကိုနားလည်အောင်သင်ကြားပေးခြင်းသည် ကလေးငယ်များ၏ စာရိတ္တကောင်းမွန်အောင် ပြောပြပြီး ဆရာ၊ဆရာမ နှင့်မိဘများလည်းပြုမှုနေထိုင်ရမည်။ စာရိတ္တဖွံ့ဖြိုးမှုသည် အဆင့်ဆင့်ဖြစ်သောကြောင့် အမှားအမှန်ခွဲခြားတတ်စေရန်၊ အကောင်းအဆိုးပိုမိုသိလာစေရန် ဖြေးဖြေးချင်းပြောပြပြီးလေ့ကျင့်သင်ကြားပေးရမည်။
ကလေးငယ်များသည်တွေ့ကြုံခံစားမှု များမှလည်းသင်ယူတတ်ကြသည်။ ထို့ကြောင့်ကလေးများရှေ့တွင် မိဘများ အနေဖြင့် စကားများခြင်းများ၊ရန်ဖြစ်ခြင်းများကို အထူးရှောင်ရှားသင့်သည်။ ကလေးငယ်များကိုမသိဖူးဟုထင်သော်လည်း စိတ်ထဲဝင်အကုန်မှတ်နေသည်မှာ လူကြီးများမသိလိုက်သောအချက်ပင်ဖြစ်သည်။ရန်လိုခြင်းများနှင့်ကြုံတွေ့ပြီး ကြီးပြင်းခဲ့သောကလေးသည် အခြားသူများနှင့်ခိုက်ရန်ဒေါသဖြစ်တတ်လာသည်။သည်းခံမှုများနှင့်ကြီးပြင်းခဲ့သောကလေးသည် သည်းခံစိတ်ရှည်သူဖြစ်လာမည်။ ထိုသို့ကလေးများ၏ ဖွံ့ဖြိုးမှုသည် ပတ်ဝန်းကျင်နှင့်တိုက်ရိုက်နီးပါး အချိုးကြနေသဖြင့် ပတ်ဝန်းကျင်ကောင်းများဖန်တီးပေးရန်လိုအပ်သည်။
ကလေးများကိုအပြန်အလှန်လေးစားမှုနှင့်ဆက်ဆံပါ။ အပြစ်များ၊ ပျစ်တောက်ပျစ်တောက် ပြောခြင်းများကိုရှောင်ရှားပါ။ ပျော်ရွှင်စရာများကိုမျှဝေပေးပါ။ အတူတူလုပ်ကိုင်ဆောင်ရွက်ခြင်း၊ ခရီးတူတူသွားပေးခြင်းများ ပြုလုပ်ပါ။ ကလေးများကိုချစ်ခင်ကြောင်း ပြောပေးပါ။ တစ်ခုခုလုပ်လျှင် အသိအမှတ်ပြုပါ။ အားပေးချီးမွမ်ခြင်းတို့ကိုပြုလုပ်ပေးရန် လိုအပ်ပါသည်။ ကလေးများကိုလေ့လာ စူးစမ်းမှုအားရရှိစေရန် ပတ်ဝန်းကျင်များရရှိစေရန် ဖန်တီးပေးလိုအပ်ပါသည်။ ထို့သို့ပတ်ဝန်းကျင်များရရှိစေရန် မိဘ၊ ဆရာ ၊ ပတ်ဝန်းကျင်၊ အစိုးရ အားလုံးပူးပေါင်းပြီး ကလေးများအနာဂတ်တိုးတက် လှပစေရန်ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
February 4, 2019 at 10:10 am