မြန်မာ့ပညာရေးစနစ်သည် တစ်ချိန်က အာရှတွေသာမက ကမ္ဘာ့အဆင့်ပါမှီခဲ့သည်ဟုဆိုခဲ့သည်။ အရှေ့တောင်အာရှတွင် အနောက်နိုင်ငံသားတို့ပညာသင်ချင်လျှင်ရန်ကုန်တက္ကသိုလ်ကို လာရောက်သင်ကြားရသည့်ခေတ်ရှိခဲ့ဖူးသည်။ထိုခေတ်အခြေနေများကိုပြန်လည်ရောက်ရှိအောင် နောက်တစ်ချိန်တွင် လူကြီးဖြစ်လာပြီးနိုငံတော်အတွက်အကျိုးပြုမည့် ကလေးများအတွက်ပညာရေးစနစ်ကို တဖြေးဖြေးချင်းကောင်းမွန်အောင် ပြုလုပ်ပြီး ပညာရေးစနစ်ကောင်းများကိုအမွေအဖြစ်ပြန်လည်ပေးကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်ပညာရေးစနစ်ကောင်းများရရှိရေးသည် တစ်ဦးတစ်ယောက်ချင်းစီအတွက်သာမက တိုင်းပြည်အတွက်ပါများစွာအကျိုးရှိသည်။ “နောင်တစ်ချိန်မှာမြန်မာနိုင်ငံရဲ့အနာဂတ်ကို ကလေးများကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊လက်မခံသည်ဖြစ်စေ” လွှဲပြောင်းပေးရမှာဖြစ်သည်ဟု ဆရာဦးအောင်သင်းကဆိုသည်။ ကလေးများတွင်ပညာရေးဘက်တွင်သာမက နှလုံးသားတွေလှနေမှသာ တိုင်းပြည်အုပ်ချုပ်ရာတွင်ကိုယ်ချင်းစာတရား မေတ္တာတရားများဖြင့် အုပ်ချုပ်နိုင်စေရန် စာပေ၊အသိပညာ၊ဗဟုသုတ များများစွာရရှိဖို့လိုအပ်ပါသည်။ ပြည့်စုံကောင်းမွန်ကျန်းမာသောကလေးများဖြစ်စေရန် စာပေ၊အသိပညာများ နှင့်ရင်းနှီးအောင်ပြုစုပေးဖို့လိုအပ်သလို အတွေးအခေါ်ကောင်းများရရှိစေရန် ပညာရေးစနစ်ကိုလည်းစနစ်တကျပြုပြင်ရမည်ဖြစ်သည်။
အစိုးကျောင်းနှင့်ပုဂ္ဂလိဂကျောင်းပညာရေး
ယခင်ဆယ်စုနှစ်များက အစိုးရအတန်းကျောင်းပညာရေးနှင့်ပုဂ္ဂလိဂပိုင် အင်တာနေရှင်နယ်ကျောင်းများသာ ရှိခဲ့သည်။ယခုခေတ်ပညာရေးတွင် အစိုးရအတန်းကျောင်းများနှင့်ပုဂ္ဂလိဂပိုင်အင်တာနေရှင်နယ်ကျောင်းများသာမက ပုဂ္ဂလိဂပိုင်ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့်တက္ကသိုလ်များဟာအပြိုင်အဆိုင်ဖြစ်လာကြသည်။ ပုဂ္ဂလိဂပိုင် ကိုယ်ပိုင်အတန်းကျောင်းများသည် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် အပြိုင်အဆိုင်ပေါ်ပေါက်လာကြသည်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ၊ တက္ကသိုလ်အထိပါ အစိုးရကျောင်းများနည်းတူဖွင့်လှစ်လာကြသည်။ ပုဂ္ဂလိဂကျောင်းများသည် အစိုးရကျောင်းများနှင့်မတူပဲ လုပ်ဆောင်ချက်များ များပြားသောကြောင့် ယနေ့ခေတ်တွင်ကျောင်းသားများတက်ရောက်လျက်ရှိသည်။ပုဂ္ဂလိဂတက္ကသိုလ်များတွင် စီးပွာရေး ၊ စီမံခန့်ခွဲခြင်း ၊ အင်ဂျင်နီယာ ၊ IT ၊ ခရီးသွားလုပ်ငန်း နှင့်ပတ်သက်သော စသည့်သင်တန်းများကိုအများပြားတက်ရောက်လျက်ရှိသည်။ တစ်ချို့ကျောင်းသားများသည် အစိုးရတက္ကသိုလ်ရော ပုဂ္ဂလိဂ တက္ကသိုလ်ကိုပါတွဲလျက် တက်ရောက်လျက်ရှိသည်။ ပုဂ္ဂလိဂတက္ကသိုလ်များသည် များသောအားဖြင့် နိုင်ငံခြားမှလက်ရောက်ဖွင့်လှစ်သောကြောင့် နိုင်ငံတကာအဆင့်မီနည်းပညာ ပစ္စည်းများထားရှိသဖြင့် ကျောင်းသားများအတွက်စာတွေ့ရော လက်တွေ့ပါသင်ကြားပေးနိုင်သောကြောင့် ကျောင်းသားများတက်ရောက်ကြခြင်းဖြစ်သည်။ အစိုးရတက္ကသိုလ်များတွင်လည်းယခုအခါ နိုင်ငံတကာ အဆင့်မီသောတက္ကသိုလ်များဖြစ်အောင်ပြန်လည် အဆင့်မြှင့်တင်လျက်ရှိသည်။
ကျူရှင်စနစ်
ယခင်ဆယ်စုနှစ်ခေတ်များက ကျောင်းတွင်သင်ခန်းစာများသင်ယူပြီးပါက အပြင်တွင်ထပ်မံပြီး ကျူရှင်ယူစရာမလိုပေ ။မူလတန်း၊ အလယ်တန်း များအတွက် ကျူရှင်များရယ်လို့သေချာမရှိသေးပေ။ အထက်တန်းရောက်မှသာ နားမလည်သော ဘာသာရပ်များအလိုက် ၁ဘာသာချင်း၊ ၂ဘာသာချင်းဖြစ်စေ တက်ရောက်ရသော ကျူရှင်များသာရှိခဲ့သည်။ယခုခေတ်တွင်တော့ ထိုသို့မဟုတ်ပေ။ မူလတန်း ကျောင်းသားများတွင်ပါ ကျူရှင်စနစ်ကြီးသည် ကြီးစိုးလျက်ရှိသည်။ ယခင်အစိုးရလက်ထက်ကဆရာ၊ဆရာမ များအနေဖြင့်အပြင် ကျူရှင်မသင်ရဟူသောစနစ်ရှိခဲ့သော်လည်း ပတ်သက်ရာပတ်သက်ကြောင်းများမှ တစ်ဆင့် သင်နေကြစမြဲဖြစ်သည်။အစိုးရကျောင်းများတွင်သာမက ကိုယ်ပိုင်ကျောင်းများတက်ရောက်သော ကျောင်းသား၊ကျောင်းသူများသည်
ကျောင်းတက်ရသည့်အပြင် ကျူရှင်များကိုလည်းထပ်မံ တက်ရောက်ကြရသည်။ တစ်ချို့သောအစိုးရကျောင်းများတွင် ကျူရှင်မတက်သည့်ကျောင်းသားနှင့် ကျူရှင်တက်သည့်ကျောင်းသား တို့စာမေးပွဲတွင် အမှတ်တူရပါကလည်း အဆင့်(၁) နေရာကို ကျူရှင်တက်သည့်ကျောင်းသားအားပေးပြီး မတက်သည့်ကျောင်းသားအား ကျူရှင်မှမတက်လို့ ဟူသောအကြောင်းပြချက်ကို လက်ကိုင်ထားလျက်ရှိ သေးသည်။မိဘများအနေဖြင့်လည်း ကလေးများ၏ပညာရေးကို ကျောင်းများထက်ကျူရှင်များကိုပိုမို အားကိုးအားထားပြုနေကြသည်။နာမည်ကြီးကျူရှင်များတွင်ကျောင်းသား၊ကျောင်းသူများ တိုးမပေါက်ရှိနေသည်မှာ ထုံးစံလိုပင်ဖြစ်နေသည်။ တစ်ချို့သောကျူရှင်များ တွင်တက္ကသိုလ်ဝင်တန်းတက်ရောက်ရန်အတွက် ၈တန်း၊၉တန်းမှစပြီး နာမည်စာရင်းများကို ကြိုတင်ကာပေးထားကြရသည်။ ကျူရှင်အချို့တွင် ထိုကျူရှင်ကိုတက်ရောက်ရန် ဝင်ခွင့်စာမေးပွဲကိုမူဝင်ရောက် ဖြေဆိုကြရသည်။ ကျောင်းသားများ၏ ဖြေဆိုမှုအမှတ်ကိုကြည့်ပြီး အမှတ်မမှီပါက မတက်ရောက်နိုင်သောကျူရှင်များလည်း အများအပြားအပြိုင်အဆိုင် ယနေ့ခေတ်တွင် ရှိနေကြသည်။ ကျူရှင်များသည် ကျောင်းမှာသင်စရာမလိုပဲ ကျူရှင်နှင့်ပြီးဟူသော စနစ်ကိုလက်ကိုင်ထားလျက်ရှိသည်။ အချို့သော ကျောင်သားမိဘများသည် ကျူရှင်၊ကျောင်းများတက်ပြီးသော်လည်း အိမ်တွင်ကျောင်းသားများအတွက် Guide ဆရာ၊ဆရာမများကိုပါ ထပ်မံစီစဉ်ပေးလျက်ရှိသည် ။ယခုပညာရေးစနစ်သည် အတန်းတူကျောင်းမတူသော အနယ်နယ်အရပ်ရပ်မှ ကျောင်းသားများအတွ က်တစ်နေ့တွင်သင်ခန်းစာမည်မျှပြီးရမည် ဟူသောစည်းကမ်းစည်းမျဉ်း မရှိသောကြောင့်နှင့်လည်း ကျူရှင်များယူရသည့်အကြောင်းနှင့်သက်ဆိုင်သည်။ အထူးသဖြင့်တက္ကသိုလ်ဝင်တန်းကျောင်းသားများသည် ကျောင်းတွင်သင်ခန်းစာများ မပြီးသောအခါကျူရှင်များကိုသာ အားကိုးအားထားပြုပြီး စာမေးပွဲဖြေဆိုကြရသည်။ ထို့ကြောင့်မိဘများနှင့်ကျောင်းသားများသည် ကျူရှင်မှကျူရှင်ဟူသော အစွဲကြီးဖြစ်လာခြင်းဖြစ်သည်။
အဝေးသင်ပညာရေး
အဝေးသင်ပညာရေးတွင် သိပ္ပံတွဲများသည်ကျောင်းတွင် လက်တွေ့အတန်းများကို မေလမှစပြီး စနေ၊တနင်္ဂနွေရက်များတွင် တက်ရောက်ကြရပြီးမှ စာမေးပွဲဖြေဆိုကြရသည်။ ဝိဇ္ဇာတွဲများသည် အနီးကပ်(၁၀)ရက် တက်ရောက်ကြပြီးစာမေးပွဲဖြေဆိုကြရသည်။ ထိုအနီးကပ်ရက်များတွင် (၁၀)ရက်ပြည့်အောင်မပြောနှင့် (၃)ရက်လောက်တက်သောကျောင်းသားများ မရှိသလောက်ဖြစ်သည်။ အဝေးသင်ကျောင်းသားအချို့သည် အလုပ်များလုပ်ကိုင်နေသောကြောင့် အလုပ်မှခွင့်မရသဖြင့် လက်တွေ့ရက်များ၊ အနီးကပ်ရက်များကိုမတက်ကြတော့ပဲနားလည်မှုဖြင့်သာ စာမေးပွဲဖြေဆိုသည့်ရက်တွင်သာသွားရောက်ဖြေဆိုကြသည်။ အဝေးသင်ပညာရေးသည်ကျူရှင်ကိုအားကိုးရသောစနစ်ဖြစ်သည်။
ကျောင်းအနီးကပ်ရက်များတွင်မသွားကြပဲ ကျူရှင်မှသင်သောသင်ခန်းစာများဖြင့်သာ ကျက်မှတ်ဖြေဆိုကြသည်။ ကျူရှင်တွင်သင်သောသင်ခန်းစာများသည်လုံလောက်သည်ဟုဆိုနိုင်သည်။ အဝေးသင်ပညာရေးတွင်လည်း နာမည်ကြီးကျူရှင်များတွင် လူများတိုးမပေါက်တက်ရောက်နေကြရပြန်သည်။
Assignment စာစဉ်များထပ်ရောက်ရာတွင် မိမိကိုယ်တိုင်ရေးသားရမည်ဟုဆိုထားသော်လည်း ပွဲစားများ၊ ဝန်ဆောင်မှုလုပ်ငန်းများကို အပ်ပြီးရေးနေကြသည်မှာ အများအပြားပင်ဖြစ်သည်။ ကျောင်းအပ်၊ကျောင်းပြောင်း၊ Assignment စာစဉ်ရေး၊ထပ်၊ ဖတ်စာအုပ်ထုတ် စသော ကိစ္စများကိုဆောင်ရွက်ပေးသော ဝန်ဆောင်မှုလုပ်ငန်းများ အပြိုင်အဆိုင်ရှိနေသည်။ တစ်ချို့သောဝန်ဆောင်မှုများတွင်အိမ်အရောက်စနစ်များပါရှိနေသည်။ ကျောင်းသားများသည်အခြေနေအမျိုးမျိုးကြောင့်ထိုစနစ်များကိုကျင့်သုံးနေရပြန်သည်။ ယခုအစိုးရလက်ထက်တွင်ထို အဝေးသင်ပညာရေးစနစ်ကို ပြန်လည်ပြုပြင်နေသည်ဟူသော သတင်းများလည်းထွက်ပေါ်လျက်ရှိသည်။
ပညာရေးနှင့်စာကြည့်တိုက်
နိုင်ငံတကာတွင်ပညာရေးစနစ်ကောင်းမွန်သော နိုင်ငံများ၏အဓိက သော့ချက်မှာ စာကြည့်တိုက်များထားရှိခြင်းနှင့်လည်းသက်ဆိုင်သည်။ ပညာရေးနှင့်စာကြည့်တိုက်မှာ ဒွန်တွဲသလိုပင်ဆက်စပ်လျက်ရှိပါသည်။ နိုင်ငံတကာပညာရေးစနစ်ကောင်းသော နိုင်ငံများ၏ကျောင်းများတွင် ကျောင်းပြဋ္ဌာန်းစာအုပ်တွင်ပါသော အကြောင်းအရာများနှင့်စပ်လျဉ်းကာ အကြာင်းအရာအရင်းမြစ်များပိုမိုသိရှိစေရန် စာကြည့်တိုက်များတွင်ရှာဖွေကြရသည်။ ထိုသို့ပြုလုပ်ခြင်းသ ည်ကျောင်းသင်ခန်းစာများကို ပိုမိုနားလည်သဘောပေါက်စေပြီး ကျောင်းသားများသိလိုသောအကြောင်းအရာ အပြည့်အစုံကိုပါသိစေရန်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာကျောင်းအချို့တွင်မူ စာကြည့်တိုက်များကိုသော့ခတ်ထားသော ကျောင်းများသည်ယနေ့တိုင်ရှိနေသည်။ လွန်ခဲ့သောဆယ်စုနှစ်များအထိ ကျေးရွာ၊ရပ်ကွက်များတွင် စာအုပ်ဆိုင်ငယ်ကလေးများရှိသောကြောင့် ရပ်ကွက်နေပြည်သူများသည် ကာတွန်း၊ရုပ်ပြ၊ ဝတ္ထု၊ မဂ္ဂဇင်း စသည့်စာအုပ်များကိုရက်ငှားဖြင့်ဖတ်ကြရသည်။ ထိုစာပေများသည်ကျောင်းစာများမဟုတ်သော်လည်း ဗဟုသုတ၊အသိပညာတိုးပွားစေရန်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေပါသည်။ ယနေ့ခေတ်တွင်စာအုပ်ငှားဆိုင်များမရှိသလောက်ပျောက်ကွယ်သွားပါသည်။ယခုအခါမြန်မာပညာရေးစနစ်ကိုကောင်းမွန်စေရန် ကျောင်းများတွင်စာကြည့်တိုက်များကိုတစ်ဖန်ပြန်လည်အသက်မွေးလျက်ရှိသည်။ ရပ်ကွက်၊ကျေးရွာများတွင်လည်း ပြည်သူများအတွက် စာကြည့်တိုက်များကို စနစ်တကျပြန်လည်ထားပေးလျက်ရှိသည်။တစ်ချို့သောနေရာဒေသများတွင် ရွေ့လျားစာကြည့်တိုက်စနစ်များ လုပ်ဆောင်ပေးလျက်ရှိသည်။ နေအိမ်များတွင်လည်းစာဖတ်ရန်အတွက် စာအုပ်စင်ငယ်လေးများကို ထားရှိရန်လိုအပ်သည်။စာဖတ်ခြင်းသည် ကောင်းမွန်တိုးတက်သောပညာရေးစနစ်ရရှိစေရန် များစွာအထောက်အကူပြုသောနည်းလမ်းတစ်ခုပင်ဖြစ်သည်။
အားကစားနှင့်ပညာရေး
အားကစားသည်နိုင်ငံ၏ ပြယုဂ်ဖြစ်သောကြောင့်အထူး အလေးပေးလုပ်ဆောင်ကြရသည်။ယခုခေတ်တွင်ကမ္ဘာ့နိုင်ငံအသီးသီးရှိကျောင်းသားများသာမက မြန်မာနိုင်ငံအတွင်းရှိကျောင်းသားများပါ အားကစားနှင့်ပညာရေးကိုတွဲဖက် လုပ်ဆောင်လျက်ရှိသည်။ အားကစားလုပ်ခြင်းသည် ကျန်းမာရေးအတွက်သာမက ကာယ၊ ဉာဏ၊ စာရိတ္တ အစရှိသောစွမ်းရည်များကိုပါတိုးတက်စေပါသည်မှာ အမှန်ပင်ဖြစ်သည်။ မြန်မာနိုင်ငံရှိမိဘများသည်လည်း သားသမီးများကိုကျောင်းသင်ခန်းစာများ သင်ယူနေရင်းစနေ၊တနင်္ဂနွေပိတ်ရက်များတွင် ရေကူးသင်တန်း၊ ကြက်တောင်ရိုက်သင်တန်း၊ ရွက်လှေစီးခြင်း၊ ဘတ်စက်ဘောကစားခြင်း၊ တင်းနစ်ရိုက်ခြင်း၊ ဘောလုံးကစားခြင်း စသည့်အားကစားနည်းများကို ကျောင်းမှဖွင့်လှစ်ထားသောသင်တန်းများ ၊ အစိုးရနှင့်ပုဂ္ဂလိဂတို့မှဖွင့်လှစ်ထားသောသင်တန်းအသီးသီးသို့ သင်ယူရန်ပို့ဆောင်ပေးလျက်ရှိသည်။ ယခုအခါ ကျေးလက်ရပ်ရွာများအတွင်းတွင် ရာသီအလိုက်အားကစားသင်တန်းများဖွင့်လှစ်ပေးလျက်ရှိသည်။ကျောင်းများတွင်လည်းအားကစားကွင်းများထားရှိသဖြင့် အတန်းလိုက်ဖြစ်စေ၊ အတန်းကြီးငယ်မရွေးတူတူစည်းလုံးစွာကစားခြင်းများကိုလည်းလုပ်ဆောင်လျက်ရှိသည်။ရပ်ကွက်အတွင်းတွင်လည်း အသက်အရွယ်အလိုက် အားကစားပြိုင်ပွဲများအသင်းအဖွဲ့ဖြင့် ကစားတက်စေရန်ရည်ရွယ်ချက်ဖြင့်ပြုလုပ်ပေးလျက်ရှိသည်။
အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများကို (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လွိုင်ကော်)မြို့များတွင်အားကစားနှင့်ပညာရေးတွဲဖက်လုပ်ကိုင်နိုင်စေရန် ဖွင့်လှစ်ထားသည်။ ထိုလေ့ကျင့်ရေးကျောင်းတွင် ဘောလုံး၊ ဝူရူး၊ ပြေးခုန်ပစ်၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ အစရှိသော အားကစားနည်းသင်တန်းများကို စနစ်တကျလေ့ကျင့်သင်ကြားပေးပြီး နိုင်ငံလက်ရွေးစင်များကိုမွေးထုတ်ပေးလျက်ရှိပါသည်။ နိုင်ငံအတွင်းကျင်းပသောပွဲများမှတစ်ဆင့် အာဆီယံကစားပွဲများ၊ အိုလံပစ်ကစားပွဲများသို့ မြန်မာနိုင်ငံကိုယ်စားပြုများအြ ဖစ်သွားရောက်ယှဉ်ပြိုင်ကြရသည်။
စာမေးပွဲနှင့်ပညာရေး
မြန်မာနိုင်ငံတွင် အခြေခံပညာမှစပြီးစာမေးပွဲများကျင်းပလေ့ရှိသည်။ ဝင်ခွင့်စာမေးပွဲအသီးသီး(တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊ သက်ဆိုင်ရာဝင်ခွင့်စာမေးပွဲ)စသည်တို့ကို အဆင့်အလိုက်ခွဲပြီးစာမေးပွဲများကျင်းပလျက်ရှိသည်။ အခြေခံပညာ အဆင့်တွင် သင်ကြားပြီးသောစာများကို ကျက်ဖြေစနစ်တစ်နည်းအားဖြင့် ဒါမေးဒါဖြေဟူသောစနစ်ဖြင့်ဖြေကြားကြရသည်။ တက္ကသိုလ်ဝင်တန်းဖြေဆိုရာတွင် ကျက်ဖြေစနစ်ကိုကျင့်သုံးချင်းယနေ့တိုင်ရှိနေသည်။ ထိုစနစ်သည်တွေးခေါ်ချင်းကိုလျော့နည်းစေသည်။နိုင်ငံတကာတွင် ကျက်စရာမလိုပဲတွေးခေါ်နည်းကိုဦးစားပေသော စနစ်များကိုကျင့်သုံးလေ့ရှိသည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သောအခါတက္ကသိုလ်ရွေးချယ်ရာတွင်
အမှတ်အနည်းများဖြင့်ခွဲပြီး ကျောင်းသားများအနေဖြင့်အမှတ်အလိုက်မှီရာမေဂျာကိုသာယူကြရသည်။ ကျောင်းသားတို့ဝါသနာဖြင့်မဆုံးဖြတ်ပဲ အမှတ်အလိုက်ဆုံးဖြတ်ခြင်းသည် ကျောင်းသားများ၏ပညာရေးကိုထိခိုက်စေရုံသာမက ဘဝတစ်လျှောက်လုံးအလုပ်ကိုင်ကိုပါ စိတ်ပါမပါပါလုပ်ဆောင်ဟုသော အမိန့်ကိုထုတ်ခြင်းနှင့်တူသည်။ အခြားနိုင်ငံများတွင် ဝါသနာပါရာမိမိနှင့်ကိုက်ညီသော အသက်မွေးဝမ်းကြောင်းပြုလုပ်မည့် တက္ကသိုလ်ကိုရွေးချယ်ခိုင်းခြင်းဖြစ်သည်။ ယခုအစိုးရလက်ထက်တွင် ထိုစနစ်များကိုပြုပြင်ရန်အစီစဉ်များ ရေးဆွဲလျက်ရှိသည်။
သင်တန်းများနှင့်ပညာရေး
မြန်မာနိုင်ငံတွင် ကျောင်းသား၊ကျောင်းသူများမဆိုနှင့် အလုပ်အကိုင်လုပ်နေသောသူများပင် သင်တန်းများတက်ရောက်နေကြရသည်။ “သင်ယူခြင်းသည်မပြီးဆုံးနိုင်” ဆိုသည်စကားအတိုင်း အလုပ်လုပ်နေသောသူများပင် အလုပ်နှင့်သက်ဆိုင်သောသင်တန်းများကို အလုပ်ချိန်လွတ်ချိန်များတွင် တက်ရောက်ကြရသည်။ အလုပ်အကိုင်များသည် ရရှိထားသောဘွဲ့များနှင့်ပတ်သက်ပြီး အများအပြားမရှိသောကြောင့် သင့်တော်သောအလုပ်ကိုလုပ်ကိုင်ရန် ယူထားသောမေဂျာမျာနှင့်မသက်ဆိုင်သော သင်တန်းများတက်ရောက်ကြရခြင်းဖြစ်သည်။ ထိုသင်တန်းမှပေးအပ်သော အောင်လက်မှတ်(သို့)ဒီပလိုမာလက်မှတ်ရှိမှသာ အလုပ်လုပ်ရန်ပိုပြီး အဆင်ပြေခြင်းဖြစ်သည်။ ယခုလက်ရှိတွင်စီးပွားရေးနှင့်ပတ်သက်သောသင်တန်းများ၊ စာရင်းကိုင်ပညာနှင့်ပတ်သက်သောသင်တန်းများ၊ အင်ဂျင်နီယာနှင့်သက်ဆိုင်သောသင်တန်းများ၊ ဘာသာစကားသင်တန်းများ စသည်တို့ကိုအများအပြားတက်ရောက်လေ့ရှိသည်။ ယခုခေတ်အခြေခံပညာအဆင့်ကျောင်းသားကျောင်းသူများသည်လည်းကျောင်းပိတ်ရက်များတွင်အတန်းပညာနှင့်ပတ်သက်သောသင်တန်းများအပြင် အားကစား၊ အနုပညာ၊ ဘာသာစကား စသည်နှင့်ပတ်သက်သော သင်တန်းများကိုတက်ရောက်လေ့ရှိပြန်သည်။ အစိုးရအနေဖြင့်လည်းမြန်မာပြည်သူ ပြည်သားများအတွက် အမျိုးသမီးသက်မွေးသင်တန်းကျောင်းများကို မြန်မာနိုင်ငံအတွင်းရှိတိုင်းနှင့်ပြည်နယ် ဒေသများတွင်ဖွင့်လှစ်ပေးထားလျက်ရှိသည်။ ထိုအိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းတွင် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်သင်တန်း၊ အစားအစာနှင့်အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်း၊ စက်ချုပ်သင်တန်းစသည်တို့ကို ပြည်သူပြည်သားများတက်ရောက်နိုင်စေရန် ယခင်ခေတ်များထဲကဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ထိုသင်တန်းတွင်တက်ရောက်ထားသောသင်တန်းသူများ၏ အလုပ်အကိုင်အခွင့်အလန်းများ တိုးပွားရရှိစေရန်သာမက မိမိကိုယ်ပိုင်အလုပ်များရရှိစေရန်ရည်ရွယ်ချက်ဖြင့်ဖွင့်လှစ်ထားခြင်းဖြစ်သည်။စင်ကာပူအစိုးရနှင့်မြန်မာအစိုးရ တို့ပူးပေါင်းပြီး “Singapore-Myanmar Vocational Training Institute” တွင် ရုံးပိုင်းဆိုင်ရာ၊ ဟိုတယ်နှင့်အိမ်မှုကိစ္စ၊ အရောင်းဝယ်ပြုလုပ်ခြင်း၊ အင်ဂျင်နီယာနှင့်သက်ဆိုင်သော စသည့်သင်တန်းများကို မြန်မာပြည်ရှိလူငယ်များတက်ရောက်နိုင်ရန်ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်များတွင် လည်းအလုပ်အကိုင်နှင့်ပတ်သက်ပြီးအထောက်ကူပြုသင်တန်းများ၊ ဒီပလိုမာသင်တန်းများကိုဖွင့်လှစ်လျက်ရှိသည်။ ထိုသင်တန်များသည်အလုပ်အကိုင်ကောင်း ရရှိစေရန်နှင့် မိမိစိတ်ဝင်စားသည့် အကြောင်းအရာများကိုပိုမိုသိရှိစေသောကြောင့် မြန်မာ့ပညာရေးတွင် သင်တန်းများ၏စွမ်းအားတန်ခိုးသည်လည်းကြီးမားနေပြန်ပါသည်။
“ကလေးကောင်းမှလူကြီးကောင်းမည်” ဟူသောစကားအတိုင်း ကလေးငယ်များငယ်စဉ်ဘဝမှစပြီးပညာရေး၊ လူမှုရေး၊ ဘာသာရေးစသည်တို့တွင်အလေ့ကျင့်ကောင်းများရရှိစေရန် အတွက်မိဘများသည်အသက်အရွယ်အလိုက် ပညာသင်ကြားပေးရမည့်အချိန်တွင်ပညာသင်ကြားပေးရန်လိုအပ်ပါသည်။ ရှေးယခင်အစွဲလန်းများသည်မြန်မာပြည်တွင်ယနေ့တိုင် စွဲလန်းလျက်ရှိပြီး တစ်ချို့သောအစွဲလန်းများသည်မထားသင့်သော အစွဲလန်းပင်ဖြစ်ပေသည်။ ထိုထဲမှာမှ “ပညာတတ်ရင်ထမင်းမစားရပါဘူး’’ ဟူသောအစွဲမှားကြီးကိုလည်းစွဲလန်းနေသည်မှာ ယနေ့မိဘများအချို့တွင်ယနေ့တိုင်ရှိနေမြဲဖြစ်သည်။ ပညာဆိုသည်မှာ အတန်းပညာတင်မဟုတ်ပဲ သက်ဆိုင်ရာနယ်ပယ်များတွင် တတ်ရောက်သင့်သောပညာများတတ်ရောက်ဖို့ သည်လည်းအရေးကြီးပြန်သည်။ တစ်ချို့သောမိဘများကတော့ ပညာကိုအထူးဦးစားပေးသည်။ ပညာသည်အသိပညာ၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သောတစ်ခုထဲဖြစ်သည့် သော့ချက်ဖြစ်သောကြောင့် အသက်မွေးဝမ်းကြောင်းအတွက်ပဲ မစဉ်းစားပဲတစ်ခြားသောစွမ်းရည်များကိုပါ ပေးနိုင်သဖြင့် အထူးအလေးထားရန်လိုအပ်ပါသည်။
မြန်မာ့ပညာရေးစနစ်သည်အပြောင်းအလဲအလွန်ပင်များလှပါသည်။ ထိုသို့ပြောင်းလဲခြင်းသည်မည့်သည့်အရာကောင်းမည်နည်း ဟူသောနည်းလမ်းကိုရှာဖွေရင်းပြောင်းလဲ ခြင်းလည်းဖြစ်နိုင်သည်။ ပိုမိုကောင်းမွန်သောပညာရေးစနစ်ရရှိစေရန် ဆရာ၊ဆရာမများနှင့် မိဘများ၊ ကျောင်းသား၊သူများကိုပါ စနစ်တကျပါဝင်ပူးပေါင်းဆောင်ရွက်ရန်လည်းလိုအပ်သည်။ ရပ်ရွာကျေးလက်များတွင် အသက်ပြည့်သောကလေးများ ကျောင်းမတက်မနေရဟူသော စနစ်များကိုလည်းကျင့်သုံးနေကြပြီ ဖြစ်သည်။လမ်းပေါ်လေလွင့်ရှိကလေးများနှင့် အရွယ်မရောက်သေးခင် ဝမ်းစာရှာဖွေနေကြသောကလေးများ ပညာသင်ကြားနိုင်ရေးအတွက် အစိုးရနှင့်ပြည်သူများပူးပေါင်းပြီး အထူးအလေးထားဆောင်ရွက် လျက်ရှိပါသည်။
လေးစားစွာဖြင့်
မေပွင့်
January 28, 2019 at 05:06 pm