contact@pandaingmap.com

(+95) 9 764-231-193

Dentistry အကြောင်း တစ်စေ့တစ်စောင်း

အစတည်းက ဆေးကျောင်းကိုပဲ ရွေးချယ်ခဲ့တာပါ။ ဒါပေမယ့် ဆယ်တန်းမှာ အမှတ်အနည်းငယ် နည်းခဲ့လို့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကို သာရွေးချယ်ခဲ့ပါတယ်။

အစတည်းက ဆေးကျောင်းကိုပဲ ရွေးချယ်ခဲ့တာပါ။ ဒါပေမယ့် ဆယ်တန်းမှာ အမှတ်အနည်းငယ် နည်းခဲ့လို့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ရန်ကုန်  (University of Dental Medicine Yangon) ကို သာရွေးချယ်ခဲ့ပါတယ်။ အခုတော့ ပထမနှစ် ကျောင်းသူ တစ်ယောက်ဖြစ်နေပါပြီ။ 

Dentistry ဆိုတဲ့ သွားဘက် ဆိုင်ရာ ဆေးပညာ ကို တော့ ထဲထဲဝင်ဝင် မသိသေးပါဘူး။ ဒါပေမယ့် Junior လေးတွေ အတွက် တက္ကသိုလ် ရွေးချယ်မယ်ဆိုရင် အထောက်အကူ လည်းရ ဗဟုသုတ လေးလည်း ရအောင် အနည်းငယ် ပြောပြချင်ပါတယ်။

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (UDMY) ရဲ့ တည်နေရာကတော့ သံသုမာလမ်းမကြီးပေါ် သင်္ကန်းကျွန်းမြို့နယ် သုဝဏ္ဏဈေး  နှင့် စံပြဈေးကြား လောက်မှာ ပဲ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် နှစ်ခု ရှိပါတယ်။ တစ်ခုကတော့ ရန်ကုန်မှာ ဖြစ်ပြီး နောက် တစ်ခုကတော့ မန္တလေး မှာ ပဲ ဖြစ်ပါတယ်။ နှစ်ကျောင်းစလုံးပေါင်းမှ တစ်နှစ်ကို အယောက် ၂၀၀ ကျော်လောက်သာ ဝင်ခွင့် ပြုတာဖြစ်လို့ တစ်နိုင်ငံလုံးမှာမှ တစ်နှစ်ကို သွားဆရာဝန် အယောက် ပေါင်း ၂၀၀ လောက်သာ ခွင့်ပြုပေးတာ ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာတစ်နိုင်ငံလုံး တွင်မှ သွားဆရာဝန် စုစုပေါင်း အယောက် လေးထောင် လောက်သာ ရှိပါတယ်။

ကျောင်းနဲ့ ဆေးရုံ တစ်ဝန်းတည်း ဖြစ်လို့ လူနာတွေနဲ့ အမြဲမပြတ် ဆိုသလို မြင်တွေ့ ကြုံဆုံ နေရတာဖြစ်တာကြောင့် အခြားသော ဆေးဘက်နှီးနွယ် ကျောင်း များနှင့် မတူသော ဆရာဝန် တစ်ယောက်၏ Feeling မျိူး ရရှိ ခံစားရရုံမှ မက ထို့ကြောင့် ပင် ဆရာဝန် တစ်ယောက်၏ ကျင့်ဝတ်တို့ကို ပိုမို စောင့်ထိန်းဖြစ်လာတယ်။ 

Dentalရဲ့ ပထမနှစ် သင်ခန်းစာတွေနဲ့ လက်တွေ့ လုပ်ငန်းတွေကတော့ ဆေးဘက်နှီးနွယ် အခြားတက္ကသိုလ် တွေနဲ့ သိပ်မကွာခြားတာမို့ အထွေအထူး ရှင်းပြဖို့ရာ မလိုလောက်ပါဘူး။ ဒုတိယ နှစ် မှာတော့ အခြေခံသွားဘက်ဆိုင်ရာခန္ဓာဗေဒ နှင့် ခန္ဓာဗေဒဆိုင်ရာ နှင့် အခြားသော ဆေးဘက်ဆိုင်ရာ သင်ခန်းစာ များ၊ လူနာနဲ့တွေ့ခွင့်ရသော လက်တွေ့ များ ပါရှိနေပြီဖြစ်ပါတယ်။ 

ဒါ့အပြင် ကျွန်မတို့Dental က ဆေးရုံနဲ့တစ်ဝန်းတည်း ဖြစ်တဲ့အတွက် တတိယနှစ်လောက်က စပြီး On job training ပုံစံ မျိူး ဖြင့် Practical အနေနဲ့ လူနာတွေနဲ့ ထိတွေ့နေရပါပြီ။ စတုတ္ထ နှစ် မှာပင်  မြို့တွေ နယ်တွေ ဆင်းပြီးတော့လည်း သွားကျန်းမာရေး အသိပညာ ဆိုင်ရာ နဲ့ ကုသမှူတွေလည်း ပြုလုပ်နေရပြီ ဖြစ်တဲ့ အပြင် ဆေးပညာ ဆိုင်ရာ နှင့် ဆေးဝါးဆိုင်ရာ ပညာရပ်တို့ကိုလည်း လက်တွေ့ မှတ်သား ကုသပေးနေရပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ကျောင်းသား ကျောင်းသူ များ အတွက် ဂျပန်၊ ကိုးရီးယား အစရှိတဲ့  နိုင်ငံရပ်ခြားက တက္ကသိုလ် တွေ နဲ့ ချိတ်ဆက်ထားတဲ့ Scholarship program တွေလည်းရှိပါသေးတယ်။ 

 တက္ကသိုလ် က ၅ နှစ်တက်ရပြီးတော့ အလုပ်သင် ဆရာဝန် အနေနဲ့ တစ်နှစ်ထမ်းဆောင်ပြီးမှ သာ ဆေးကုသခွင့်လက်မှတ်ရော ဘွဲ့ပါ ပေးတာပါ။ ဒီတော့ ဘွဲ့ မရခင်အချိန်တွင်းမှာပဲ ၃နှစ် လောက် အလုပ်ခွင်နဲ့ ကျင့်သားရနေပြီးပါပြီ။

ဆရာဝန် တစ်ယောက်ဖြစ်တာနဲ့အညီ ဆရာဝန် ရဲ့ ကျင့်ဝတ်နည်းနာတွေကိုလည်း ပထမနှစ် ကတည်းက ကြပ်ကြပ်မတ်မတ် စိစစ် သင်ကြား ပေးပါတယ်။ ခေါင်းအစခြေအဆုံး သေသပ် သပ်ရပ် စွာနှင့် စမတ်ကျကျ ဝတ်စားဆင်ယင်နေထိုင်မှု ၊ကုသမှူ၊ စကားအပြောအဆို စတဲ့ အသိပညာ တွေလည်း သင်ကြား ပေးတာဖြစ်လို့ ပိုပြီး သဘောကျမိခဲ့တယ်။ 

ဒါဆို သွားဆရာဝန် တစ်ယောက်က သွားဖာ သွားနှူတ်တာပဲလား?

 ကျွန်မကိုယ်တိုင် မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ မေးရိုး ခံတွင်း ကင်ဆာ ၊ နှူတ်ခမ်းကွဲ အာခေါင်ကွဲ စတဲ့ လူနာတွေကို ခွဲစိတ်ကုသပေးပြီး သွားမရှိတော့လို့ မဝါးနိုင်တော့ပါဘူးဆိုတဲ့ လူနာတွေကို တော့ သွားတု တွေ လည်း လုပ်ပေးရပါတယ်။ သွားနာ သွားကိုက်လို့ ဝေဒနာ ခံစား  နေရတဲ့ လူနာကို သက်သာ ပျောက်ကင်းသွားအောင် ကုသပေးနိုင်တာက သွားဆရာဝန်တွေပါ။ သွားလေးတွေ ဖြူဖွေး လှပအောင် ပြင်ချင်တာတွေအတွက် ကုသပေးရတာလည်း သွားဆရာဝန် ပါပဲ။ သွားလေးတွေ ညီညီစီစီနှင့် လှပစေအောင် သွားညှိကုဌာနက လည်း ပြုပြင်ပေးပါသေးတယ်။

 လူတစ်ယောက် ရဲ့ အပြုံးဟာ တစ်ခြားသူအတွက် အင်မတန် ချိူမြန်စေပါတယ်။ ပြုံးလိုက်တိုင်း သွားလေးတွေလှနေတော့ စိတ်ချမ်းမြေ့ဖွယ် မကောင်းဘူး လား? အပြုံးတွေရဲ့ အလှ က သွားကျန်းမာရေး အပေါ် မှာ လည်း မှီခိုနေပါတယ်။ သွားရောဂါ ဝေဒနာ ခံစား  နေတဲ့ လူနာတစ်ယောက်က ကြာကြာပြုံးနိုင်ပါ့မလား? Dentist တစ်ယောက်ကြောင့် လူနာများရဲ့ အပြုံးတို့အသက်ဝင်ခဲ့ပါတယ်။ 

ဆရာဝန် တစ်ယောက်ရရှိတဲ့ ပီတိကိုတော့ ဆရာဝန် တစ်ယောက်ဖြစ်မှသာရနိုင်တာမို့ ကျွန်မကိုကျွန်မကျေနပ်မိပါတယ်။  ဒါ့အပြင်  ပါမောက္ခ ချူပ်ုကြီးရဲ့ ကြီးကြပ်ကွပ်ကဲမှူနဲ့ အခုဆိုရင် ကျောင်းက တော်တော်လေးတိုးတက် ဖွံ့ဖြိုးလာပါပြီ။ ဒီတော့ ကိုယ်ရွေးချယ်ခဲ့တဲ့ ခရီး  မှာ ကိုယ်ကိုယ်တိုင် အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်ဆိုုပြီး ဆုံးဖြတ်ထားပါတယ်။ သွားဆရာဝန်တစ်ယောက်ရဲ့ လုပ်ငန်းဆောင်တာတွေ သင်ကြားရမယ့် ဘာသာရပ်တွေ လက်တွေ့ သင်ခန်းစာတွေကို တွေ့ပြီးနောက်မှာ ကျွန်မ ကျောင်းကို ပိုချစ်တတ်လာပါတယ်။ ဒီလောက်ဆိုရင်တော့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ရန်ကုန် ရဲ့ အကြောင်း ပါသင့်သလောက်ပါပြီးပြီ ဖြစ်ပါတယ်။ ကျေးဇူး တင်ပါတယ်။
ရေးသားသူ - ကံသာ (သွား-ဆေး)
 

May 17, 2018 at 10:22 am