photo source: www.shutterstock.com
ကျွန်တော် ၅ နှစ်အရွယ် မူကြိုစတက်ခဲ့စဉ်အခါကတော့ဖြင့် ပညာရေးဆိုတာ ဘာမှန်းသိသေးမှာ မဟုတ်တာသေချာသည်။ သို့ပေမယ့် ကျွန်တော့်ကို ကျောင်းသို့သွားချင်းအောင်တွန်းပို့ပေးနေသော အရာများကရှိသည်။ ထိုအရာများက ထမင်းဘူးနှင့်အတူ အမေထည့်ပေးလိုက်တဲ့ သရေစာမုန့်တွေနဲ့ ကျောင်းမှာ သူငယ်ချင်းအသစ်တွေနဲ့ ဆော့ရတော့မည်ဆိုသည့် စိတ်ကြောင့်သာဖြစ်သည်။ ဤသည်ကား ပညာရေး၏ အစဖြစ်ပေမည်။ မိဘများက ကျွန်တော့်ကို ကျောင်းနေပျော်စေချင်သည်။ ကျောင်းကို အပြန်လာကြိုတိုင်း "သား ... ဒီနေ့ကျောင်းမှာ ပျော်ရဲ့လား၊ ထမင်းတွေစားတာကုန်လား" စသည်ဖြင့် တွေ့တာနှင့်မေးသည်။
မူလတန်း အရွယ်ရောက်လာတဲ့အထိ စာတွေကို စိတ်ဝင်စားရကောင်းမှန်းမသိသေးပေ။ သို့သော် ဆရာမ တွေရဲ့ ကြိမ်လုံးကို စတင်ကြောက်တတ်လာသဖြင့် ကျောင်းကသင်ပေး အိမ်စာပေးသလောက်တော့ မလုပ်လျင် အသားနာမည့်စိတ်နှင့် လိုက်လုပ်မိခဲ့သည်။ ကလေးဆိုပေမယ့် ပြိုင်ဆိုင်ချင်စိတ်ကလေးမသိမသာ ရှိလာပြီ။ သူထက်ငါ စာမေးလျင် အရင်ဖြေချင်တာမျိုးရှိလာသည်။ အိပ်စာထပ်ခိုင်းလျင် ကိုယ့်စာအုပ်ကို အပေါ်ဆုံးမှာ အရင် ထပ်လိုက်ရမှကျေနပ်တာမျိုးဖြစ်သည်။ မူလတန်းထိ အိမ်က ကျွန်တော့်ကို ကျူရှင်မထားသေးပေ။ အဖေကိုယ်တိုင်က စာအုပ်တွေစစ် အိမ်ရောက်တာနှင့် စာပြန်မေးသည်။ မရလျင်ကြိမ်လုံးနှင့် ရိုက်တာခံရသည်။
အလယ်တန်းရောက်တော့ ခဲတံနှင့် မရေးရတော့ပဲ ဘောပင်နှင့်စတင်ရေးရသည်က အပြောင်းအလဲတစ်ခုဖြစ်ကာ စိတ်ဝင်စားစရာတစ်ခုလည်းဖြစ်ခဲ့သည်။ မူလတန်းတုန်းက ခဲတံနှင့်ပုံစံကျလှသည့် လက်ရေးလေးများက ဘောပင်နှင့်စရေးကာစမှာ ကသောင်းကနင်းနိုင်နိုင်လှသည်။ အလယ်တန်း သင်္ချာမှာ ဂဏန်းတွေကို အင်္ဂလိပ်ဂဏန်းတွေနှင့် စတင်ပြောင်းရေးလာရသည်။ သင်္ချာ (၁) နှင့် (၂) ဟူ၍သင်ခဲ့ရသည်။ သင်္ချာ (၁) အတွက်က မခက်ခဲပေမယ့် ဂြီဩမေတျီ သချာၤ (၂) ကိုတော့ နားလည်သလို နားမလည်သလိုနှင့် သင်္ချာကိုပင် အလွတ်ကျက်ခဲ့ရသည်များရှိခဲ့သည်။ မြန်မာစာမှာ သဒ္ဒါဆိုတာ စသင်လာရပြီး သင်ထောက်ကူစာအုပ်တွေထဲက ပြန်ကူးရေးခိုင်းပြီး အလွတ်ကျက်ခိုင်းတဲ့ စကားပြေများကတော့ ပျင်းစရာကောင်းလှသည်။ အင်္ဂလိပ်စာမှာ ပုံပြင်လိုစာပိုဒ်လေးတွေ ဖတ်လာရတာ စိတ်ဝင်စားဖို့ကောင်းသည်။ Grammar လေးတွေ သင်တာလည်း လိုက်လုပ်နိုင်လျင် အလွတ်မှတ်စရာ ကျက်စရာမလိုပဲ ပျော်စရာကောင်းသည်။ Essay နဲ့ Letter ရေးခြင်းများကတော့ အနည်းငယ်အခက်အခဲ ရှိခဲ့ဖူးသည်။ သိပ္ပံသာသာရပ်ကတော့ ယနေ့ခေတ်လူနေမှု ့နှင့် လက်တွေကျသည် အကြောင်းအရာများ ဖြစ်တာမို့ အမြဲစိတ်ဝင်စားဖို့ကောင်းသည်။ အချိုသောအကြောင်းအရာလေးတွေက ကိုယ်တိုင်လက်တွေ့စမ်းသပ်နိုင်သည်။ ဥပမာ စက္ကူအစလေးကို ပေတံနှင့် ပွတ်တိုက်ပြီး ပေတံမှာ ကပ်ပါလာသည့် စမ်းသပ်မှုမျိုးတို့ဖြစ်သည်။ အင်တာနက်တို့ ကွန်ရက်တို့ အကြောင်းတွေ ထိုအချိန်တုန်းက သိပ္ပံမှာ သင်ခဲ့ရတာလေးတွေက အခုခေတ်မှ မျက်ဝါးထင်ထင်မြင်လာရသည်။ အချို့သောအကြောင်းအရာတွေက အထက်တန်းမှာ Physics Chemistry နဲ့ Bio ဆိုပြီး အင်္ဂလိပ်လို ပြည့်ပြည့်စုံစုံ ထပ်သင်လာရမှန်း နောက်တော့မှ သိလာရသည်။ ပထဝီဘာသာရပ်မှာလည်း မြေပုံနှင့် စကေးများ ဂရပ်များအကြောင်းသင်ခဲ့ရတာ အသစ်အဆန်းဖြစ်လှသည်။ မြန်မာနိုင်ငံရဲ့ မြေအနေအထား ပထဝီဝင်အကြောင်းအရာများက နိုင်ငံသားအနေနဲ့ သိသင့်လို့သင်ခဲ့ရသည်။ အခြားနိုင်ငံတွေရဲ့ ရာသီဥတုတွေ၊ သဘာဝပေါက်ပင်တွေ၊ ထုတ်ကုန်တွေကို အလွတ်ကျက်ရတာတော့ ပျင်းဖို့ကောင်းခဲ့သည်ထင်သည်။ မြန်မာ့သမိုင်းနဲ့ ကမ္ဘာ့သမိုင်းလဲ ထိုနည်းတူပင်ဖြစ်သည်။ စစ်ပွဲတွေအကြောင်း ခုနှစ်တွေနဲ့ မှတ်ရတာတွေ ဘာအတွက်မှန်း မသိခဲ့ရပဲ အလွတ်ကျက်ခဲ့ရသည်။
အထက်တန်းရောက်တော့ မြန်မာစာ ကလွဲလို့ ဘာသာရပ်အားလုံး အင်္ဂလိပ်လိုသင်ရပြီ။ ဘာသာရပ်တွဲ (၇) ခုမှာ အတွဲ ၁ နှင့် အတွဲ ၇ ကို သာ ယူကြတဲ့သူတွေများသည်။ ဆရာဝန်လုပ်ဖို့ ရည်ရွယ်ထားသူများက Bio သင်ရသည့် အတွဲ ၇ ကိုယူရသည်။ ကျွန်တော့်တုန်းက ဆရာဝန်လုပ်ဖို့ ရည်ရွယ်ချက်လုံးဝမရှိခဲ့ဘူး စိတ်မဝင်စားဘူးလို့ ထိုအချိန်က မိမိကိုကိုယ်မှတ်ယူခဲ့သည်။ ဒါ့အပြင် Bio ဆိုသည့် ဘာသာရပ်ကလည်း ခက်ခဲသည် အင်္ဂလိပ်လိုချည်း စာတွေ၊ ပုံတွေ၊ meaning တွေ ကျက်ရသည်မို့ မလွယ်ဘူးဟူသော ဆရာများ ကျောင်းသားကြီးများရဲ့ စကားသံတွေကို နားယောင်နေသည်။ ထိုသို့ ၉ တန်း စတက်ခါစအချိန်က တစ်ယောက်နှင့်တစ်ယောက် "နင်က ဘာ ဘာသာတွဲယူတာလည်း၊ ငါကတော့ ဒီအတွဲယူထားတာ" စသည်ဖြစ် ယနေ့တိုင် အရမ်းကို trending ဖြစ်တဲ့ အကြောင်းအရာတစ်ခုဖြစ်နေသေးသည်။ ဤသို့ဖြင့်မိမိကိုယ်ကို ယုံကြည်ချက်မရှိသလိုဖြစ်နေပြီး ဆရာဝန်လုပ်ဖို့ ရည်မှန်းချက်မရှိတဲ့ ကျွန်တော်က ကျောင်းအပ်တော့ Eco တွဲ အတွဲ ၁ ကိုယူမည်ဟုဆိုပြီးကျောင်းအပ်ဖို့သွားပါသည်။
ကျောင်းအပ်တော့ ဆရာ၊ ဆရာမများရဲ့ အကြံပေးချက်အရ Bio တွဲ ယူသင့်ကြောင်းနှင့် စာလည်းပဲ လိုက်နိုင်မှာ ဖြစ်ကြောင်း ယုံကြည်ကြောင်း လမ်းညွှန်ပေးတာနဲ့ ယုံကြည်မှုရခဲ့ပြီး Bio တွဲ အတွဲ ၇ ကို ယူဖြစ်ခဲ့ပါတယ်။ တကယ်တန်း စာသင်ဖြစ်တော့ မခက်လှပါ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားရေးအတွေ့အကြံတွေနဲ့ notes တွေ ပေးတာတွေ ကြောင့် Bio ဘာသာရပ်ဟာ ကျွန်တော့်အတွက် လွယ်ကူခဲ့ပါတယ်။ လပတ်၊ နှစ်ဝက် စာမေးပွဲ တွေဖြေတိုင်း Bio ကချည်း အမှတ်တွေများနေပါတော့တယ်။ တက္ကသိုလ်ဝင်တန်းအောင်တော့လဲ Bio အမှတ်က အခြားဘာသာတွေထက်တောင် များပြီး ဂုဏ်ထူးပါရခဲ့ပါသေးတယ်။ ဒါက ကိုယ့်ထက်ပိုသိပိုတတ်တဲ့ ဆရာတွေရဲ့ လမ်းညွှန်မှုကိုယူခဲ့လို့ အခုလိုအကျိုးရခဲ့တာလို့ ဆိုရမယ်။
တကယ်တန်း တက္ကသိုလ်ဝင်တန်းအောင်ပြီး အမှတ်တွေထွက်တော့ ဆရာဝန်အမှတ် မှီခဲ့ပေမယ့် ဆေးကျောင်းမတက်ဖြစ်ပဲ ဝါသနာပါတဲ့ အင်ဂျင်နီယာကျောင်းတစ်ကျောင်းကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။ ဒီတော့မှ အထက်တန်းမှာ သင်ခဲ့ရတဲ့ Maths Physics နဲ့ Chemistry စတဲ့ ဘာသာရပ်တွေက အင်ဂျင်နီယာပညာရပ်တွေရဲ့ အခြေခံဖြစ်တယ်ဆိုတာ နောင်မှ နားလည်သဘောပေါက်လာခဲ့ပါတယ်။ မှတ်မိသလောက် ကြုံလို့ပြောရရင် ၁၀ တန်း Maths မှာ သင်ရတဲ့ Function တွေ Geometry တွေ Trigonometry နဲ့ Calculus တွေဟာ တကယ် အသုံးချအင်ဂျင်နီယာပညာရပ်တွေရဲ့ အခြေခံဖြစ်နေပါတယ်။ ၁၀တန်း Physics မှာလည်း ရှေ့ဆုံးက Chapter 1-3 ဖြစ်တဲ့ Mechanics အခန်းတွေဟာ အင်ဂျင်နီယာဘာသာရပ်တွေမှာ လုံးဝ အခြေခံတွေပါ။ Chemistry မှာ လည်း အချို့သော အကြောင်းအရာတွေ အင်ဂျင်နီယာပညာရပ်တွေမှာ ဆက်စပ်နေတာတွေ ရှိနေပါသေးတယ်။ ၁၀ တန်းမှာ ထိုဘာသာရပ်တွေကို ကျွန်တော်ပိုစိတ်ဝင်စားတယ်။ သဘောအကျဆုံးက Physics ပါ။ ဘာလို့ဆိုရင် တော်တော်များများသင်ရတာတွေက လက်တွေ့ဘဝမှာ မြင်နေကြားနေ အသုံးကျနေပြီး အလွယ်တကူ စာတွေ လက်တွေ့ လေ့လာနိုင်တဲ့ ဘာသာမို့ပါ။ Physics ရဲ့ အတွက်အချက်တွေ စဉ်းစားရတာကို ပိုသဘောကျလာပါတယ်။ နောက်ထပ် English စာနဲ့ ပတ်သတ်ရင် ၉ တန်းလောက်မှ အပြင်က ဆရာကောင်းတစ်ဦးနဲ့ တွေ့ပြီး Grammar တွေကို အစကပြန်သင် သေချာနားလည်သဘောပေါက်လာပါတယ်။ ဒီလိုနဲ့ Grammar ကို အတန်အသင့်ပိုင်နိုင်သွားတဲ့ ကျွန်တော့်ဖို့ English စာက လုံးဝ အခက်အခဲမရှိတော့ပါဘူး။ Composition သီကုံးရေးသားခြင်းကို အချိန်ပေးသင်ခဲ့ရလို့ Essays နဲ့ Letter တွေကိုတောင် သိသလောက် စကားလုံးတွေနဲ့ စီကာပတ်ကာ ရေးနိုင်ခဲ့ပါပြီ။ အဲ့ဒီ English စာ အခြေခံကောင်းလေးတွေကပဲ တက္ကသိုလ်မှာသာမကပဲ နောက်ပိုင်းအပြင်မှာ ထပ်ပြီးလေလာတဲ့နေရာတွေမှာပါ အထောက်အကူပေးခဲ့ပါတယ်။ မြန်မာစာကတော့ သဒ္ဒါ သင်တာက လွဲရင် ကျန်တာတွေက ပြဇာတ်တွေ ကဗျာတွေ စကားပြေတွေကြောင့် ကျွန်တော်သိပ်စိတ်မဝင်စားတဲ့ ဘာသာဖြစ်သွားပါတယ်။
ဒီလိုနှင့် တက္ကသိုလ်ဝင်တန်းအောင်ပြီး ကြားမှာခဏနားသည့်အချိန် သင်တန်းတွေဘာတွေ တက်ပြီးတော့ အောင်စာရင်းစောင့်ခဲ့တယ်။ အောင်စာရင်းမှာလည်း ကိုယ်ကြိုးစား မှန်းထားသည့်အတိုင်း ရလဒ်ကလည်း အပိုအလိုမရှိခဲ့ဘူး။ ကိုယ်တက်ချင်တဲ့ မည်သည်တက္ကသိုလ်ကိုမဆို ရွေးချယ်နိုင်လောက်တဲ့ အောင်မှတ်မျိုး ကျွန်တော်ရခဲ့သည်။ တက္ကသိုလ်က ကိုယ့်ကိုပြန်ရွေးတာမျိုး မလိုချင်၍ ကြိုးစားခဲ့သည်ဆိုလျင်လည်းမှန်သည်။ ထိုနောက် တက္ကသိုလ်ဝင်ခွင့်လျောက်တော့ ကျွန်တော့်ဆုံးဖြတ်ချက်က ပြတ်သားလွန်းခဲ့လှသည်။ လျောက်လွှာမှာ လျောက်ထားရမဲ့ တက္ကသိုလ်တွေကို နံပါတ် အစီစဉ်အတိုင်း ရေးရမည်ဖြစ်သော်လည်း ကျွန်တော်တက်ချင်တဲ့ ကျောင်းရဲ့နာမည်တစ်ခုတည်းကိုသာ ကျွန်တော် ရေးလျောက်ခဲ့ပါသည်။ မြန်မာနိုင်ငံမှာတစ်ကျောင်းတည်းရှိတဲ့ အင်ဂျင်နီယာပညာတွေသင်ပေးတဲ့ အသက်မွေးဝမ်းကြောင်းတက္ကသိုလ်တစ်ခုဆိုပါတော့။ တကယ်တန်း တက္ကသိုလ်ပညာရေးကလည်း မလွယ်လှပါ။ မိဘများက "သား ၁၀ တန်းတစ်နှစ်သာ ကြိုးစားရမှာပါ၊ ကိုယ်တက်ချင်တဲတက္ကသိုလ်တက်လို့ရမှ ဖြစ်မှာ” ဆိုပြီး အားပေးခဲ့တာ။ တကယ်တော့ တက္ကသိုလ်မှာက ပိုပြီး ခက်ခဲတာတွေက စောင်ကြိုနေသေးကြောင်း …. ။
ဝေဖြိုးထက်
October 2, 2018 at 08:50 am