contact@pandaingmap.com

(+95) 9 764-231-193

ဆယ်တန်းစာမေးပွဲအမှတ်က လက်တွေ့မှာ တကယ်ပဲဘဝတဆစ်ချိုးကို ပြောင်းလဲစေနိုင်သလား

မြန်မာနိုင်ငံက အစိုးရကျောင်းတွေမှာ ပညာသင်ယူနေကြတဲ့ကျောင်းသားတွေ အထူးသဖြင့်ဆယ်တန်းကျောင်းသားတွေကို ဆရာမိဘတွေ အမြဲတမ်းပြောပြီး သတိပေးလေ့ရှိတဲ့ စကားလေးကတော့ “ဆယ်တန်းဆိုတာ မင်းတို့တွေ ရဲ့ ဘဝတဆစ်ချိုးနော်” ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်။


မြန်မာနိုင်ငံက အစိုးရကျောင်းတွေမှာ ပညာသင်ယူနေကြတဲ့ကျောင်းသားတွေ အထူးသဖြင့်ဆယ်တန်းကျောင်းသားတွေကို ဆရာမိဘတွေ အမြဲတမ်းပြောပြီး သတိပေးလေ့ရှိတဲ့ စကားလေးကတော့ “ဆယ်တန်းဆိုတာ မင်းတို့တွေ ရဲ့ ဘဝတဆစ်ချိုးနော်” ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်။ ကျောင်းသားတွေ အနေနဲ့ ကိုယ့်ရဲ့ တက္ကသိုလ်ဝင်တန်း တနည်းအားဖြင့် ဆယ်တန်းဆိုတဲ့ ပညာသင်နှစ် တစ်နှစ်တာမှာ အစဉ်တစိုက် အစွမ်းကုန်ကြိုးစားမှသာ မတ်လတွင်ဖြေဆိုရမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အကောင်းဆုံးဖြေဆိုပြီး ကိုယ်မျှော်မှန်းထားတဲ့ရလဒ်ကောင်းများကို ရရှိနိုင်ကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက အစိုးရတက္ကသိုလ်များရဲ့ တက္ကသိုလ်ဝင်ခွင့်ကတော့ အဓိကအားဖြင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအမှတ်ပေါ်မူတည်နေတာကိုတွေ့ရပါတယ်။

ယခု ၂၁ရာစုခေတ်တွင် ပညာသည်သာ အခရာဖြစ်ကြောင်းကို လူအများက လက်ခံနေကြပြီဖြစ်သည့်အလျောက် ပညာရေးကိုပိုမိုလေ့လာလိုက်စားလာကြသည့်အပြင် မြန်မာနိုင်ငံရဲ့ပညာရေးစနစ်အပေါ်ကိုလည်း မိဘ ဆရာကျောင်းသားများသာမက လူတိုင်းလိုလိုက စိတ်ဝင်စားလာကြပြီး မြန်မာနိုင်ငံပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲစေလိုနေကြသည်ကိုလည်း လူတိုင်းသိရှိပြီးဖြစ်ပါတယ်။ ထို့အတူပင် ခေတ်ကာလမှာ တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ပညာရေးအပေါ်ခံယူချက် ထင်မြင်ချက်များလည်း ပြောင်းလဲလာသည်ကိုတွေ့ရပါတယ်။ အထူးသဖြင့် နှုတ်တိုက်ကျက် ကြက်တူရွေးပညာရေးစနစ်မှ တွေးခေါ်စဉ်းစားမှုအပေါ် အခြေပြုသော ပညာရေးစနစ်ကို အများကလိုလားလာကြပါတယ်။ ထို့အပြင် တက္ကသိုလ်ဝင်တန်းကျောင်းသားများရဲ့ တက္ကသိုလ်ရွေးချယ်မှုအပေါ်တွင်လည်း အမြင်များ၊အချို့ ကျောင်းသားများရဲ့ရွေးချယ်မှုတို့မှာလည်း သမားရိုးကျနည်းလမ်းများနှင့်မတူ ပြောင်းလဲလာသည်ကိုတွေ့ရပါတယ်။ မိဘဆရာအသိုင်းအဝိုင်း၊ ဘေးပတ်ဝန်းကျင်အသိုင်းအဝိုင်းက ဆုံးဖြတ်ပေးသော ရွေးချယ်မှုမဟုတ်ဘဲ ကျောင်းသားများကမိမိကိုယ်တိုင်၏ဝါသနာအပေါ်အရင်းခံပြီး ရွေးချယ်လာကြပါတယ်။ထို့အတူ မိဘဆရာအသိုင်းအဝိုင်းများက သမားရိုးကျနည်းလမ်းများအတိုင်း ဆရာဝန်၊အင်ဂျင်နီယာများသာ ဖြစ်ရမည်ဟု မသတ်မှတ်ကြတော့ဘဲ မိမိတို့ရဲ့တပည့် သားသမီးတို့ရဲ့ဝါသနာ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကိုလည်း အလေးပေးဂရုပြုလာကြပါတယ်။

Source;University of Yangon facebook page
ထို့အပြင် အစိုးရကပါယခုနှစ်တွင် တက္ကသိုလ်ရွေးချယ်မှုနဲ့ပက်သက်ပြီး အပြောင်းအလဲများလည်းပြုလုပ်ခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းကိုအောင်မြင်ကြသောကျောင်းသား ကျောင်းသူများအဖို့ တက္ကသိုလ့်လျှောက်ရာတွင် ခါတိုင်းနှင့်မတူပြောင်းလဲလာတာကတော့ တိုက်ရိုက်ခေါ်ဆိုတဲ့တက္ကသိုလ် ၁၁ ခု ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ထိုတက္ကသိုလ် ၁၁ ခုမှာ
ရန်ကုန်တက္ကသိုလ်၊
မန္တလေးတက္ကသိုလ်၊ 
ရန်ကုန်နည်းပညာတက္ကသိုလ်၊ 
မန္တလေးနည်းပညာတက္ကသိုလ်၊
နည်းပညာတက္ကသိုလ် (မန္တလေး)၊ 
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ 
ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ 
ရန်ကုန်ပညာရေးတက္ကသိုလ်၊ 
ရန်ကုန်သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်၊
မန္တလေးသတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် 
တို့ဖြစ်ပါတယ်။

ထိုတက္ကသိုလ် ၁၁ ခုအနက် အချိုု့တက္ကသိုလ်များတွင် ဝင်ခွင့်စာမေးပွဲများ စတင်ထည့်သွင်းစစ်ဆေးလာသည်ကို တွေ့ရပါတယ်။ ဝင်ခွင့်စာမေးပွဲများမှာ လူတွေ့စစ်ဆေးခြင်းသာပါဝင်ပါတယ်။တက္ကသိုလ် ၁၁ ခုစလုံးကို လျှောက်ရာတွင် သတ်မှတ်ထားသောအဓိကအချက်မှာ တက္ကသိုလ်တစ်ခုချင်းစီတွင် အနိမ့်ဆုံးရမှတ်များ သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ)ကို လျှောက်ရာတွင် သတ်မှတ်ထားသော တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အနိမ့်ဆုံးရမှတ်မှာ ၄၅၀ ဖြစ်ပြီး ၄၅၀နှင့်အထက် ရရှိသူများသာ လျှောက်နိုင်သည်ဟုသတ်မှတ်ထားပါတယ်။ထိုသို့အမှတ်များသတ်မှတ်ထားမှု အပေါ်သဘောကျလက်ခံသူများ၇ှိသကဲ့သို့ သဘောမကျကြသူများလည်းရှိကြသည်ကိုတွေ့ရပါတယ်။ ဝင်ခွင့်စာမေးပွဲဖြစ်သော လူတွေ့စစ်ဆေးခြင်းများကို ထည့်သွင်းထားပြီး ကျောင်းသားများ၏ ဝါသနာအထုံနှင့် စိတ်ဝင်စားမှုကို စစ်ဆေးသည်မှန်သော်လည်း တဖက်ကကြည့်လျှင် အမှတ်သတ်မှတ်ထားခြင်းမှာ တချို့ဝါသနာပါသော်လည်း အမှတ်မမှီသော်ကျောင်းသားများအတွက် နစ်နာမှုများဖြစ်စေနိုင်တယ်လို့ဆိုကြသူများလည်းရှိပါတယ်။ ထို့အပြင်ဝင်ခွင့်ရကျောင်းသားများရွေးချယ်ရာတွင် ကျောင်းသားများ၏အမှတ်နှင့် လူတွေ့စစ်ဆေးခြင်းရလဒ် တို့အပေါ်မည်သို့ မည်ပုံ ရွေးချယ်မည် ကိုလည်း အတိအကျ သတင်းထုတ်ပြန်ထားခြင်းမရှိသောကြောင့် ထိုတက္ကသိုလ်များကိုလျှောက်ထားသော ကျောင်းသားများအနေနှင့်လည်း ဝင်ခွင့်ရမရကို စိုးရိမ်ပူပန်မှုများဖြစ်နေကြတယ်လို့ဆိုကြပါတယ်။ တိုက်ရိုက်ခေါ်သော တက္ကသိုလ်၁၁ခု စလုံးတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရမှတ်နှင့် လက်ခံမည့်ကျောင်းသားဦးရေကိုလည်းသတ်မှတ်ထားပါတယ်။ တိုက်ရိုက်ခေါ်သောတက္ကသိုလ် ၁၁ ခု အနက် အချို့တက္ကသိုလ်များသာ ဝင်ခွင့်စာမေးပွဲပါဝင်ပြီး အချို့မှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရမှတ်နှင့် သတ်မှတ်ထားသောလူဦးရေအပေါ် မူတည်ရွေးချယ်သွားမှာဖြစ်ပါတယ်။ဝင်ခွင့်ရကျောင်းသားများစာရင်းကိုတော့ လာမည့်စက်တင်ဘာလထဲတွင် သက်ဆိုင်ရာတက္ကသိုလ်များမှကြေညာသွားမယ်လို့သိရပါတယ်။
 
ဝါသနာကိုအရင်းခံရွေးချယ်သင့်သည် ဆိုသော တက္ကသိုလ်ပညာရေးလမ်းကြောင်းတွင် ယခုလက်တလောပိုမို ပေါ်ပေါက်လာသည်များကတော့ ကိုယ်ပိုင်တက္ကသိုလ်များ international universities,colleges များ၊ နိုင်ငံခြားတက္ကသိုလ်များတွင် သွားရောက်ပညာသင်ကြားလိုသူများအနေဖြင့် transfer universitiesများ၊ အမျိုးမျိုးသော scholarships programများပင်ဖြစ်ပါတယ်။ ထို့ကြောင့် တချို့နောက်ခံကောင်းရှိကြသော ကျောင်းသားများအနေဖြင့် ဆယ်တန်းအမှတ်ကို ပြည်တွင်းအစိုးရတက္ကသိုလ်များကို ရွေးချယ်တက်ရောက်ရမည့် ကျောင်းသားများနှင့်ယှဉ်လျှင် သိပ်ဂရုထားစရာပင်မလိုတော့သည် သဘောအခြေအနေသို့ တဖြည်းဖြည်းပြောင်းလဲလာတာကိုတွေ့ရပါတယ်။ ဒါကြောင့်လည်း တက္ကသိုလ် အဆင့်မြင့်ပညာရေးကိုစတင်ကူးပြောင်းလေ့လာကာ မိမိဝါသနာကို အရင်းခံမည့်မိမိတို့ရဲ့ဘဝလမ်းကြောင်းအတွက် ဆယ်တန်းအမှတ်က လက်တွေ့မှာ တကယ်ပဲ ဘဝတဆစ်ချိုးကိုသိသိသာသာ ပြောင်းလဲစေနိုင်မလားဆိုတာကတော့…..

Yin

August 29, 2018 at 08:40 am