contact@pandaingmap.com

(+95) 9 764-231-193

မန်းမြေကမန်းတက္ကသိုလ်

မန္တလေးတက္ကသိုလ်သည် မန္တလေးမြို့၏ အချက်အချာကျသော ၇၃လမ်းမကြီး ပေါ်တွင် တည်ရှိသည်။ မန္တလေးတက္ကသိုလ်သည် နှစ်ပေါင်း(၂၀)နီးပါး ပိတ်ခဲ့ရပြီးနောက် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဝိဇ္ဇာ၊သိပ္ပံ ထူးချွန်တက္ကသိုလ် အဖြစ် ရန်ကုန်တက္ကသိုလ် နှင့်အတူ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

မန်းမြေကမန်းတက္ကသိုလ်
ဓာတ်ပုံ-www.mu.edu.mm
 မန္တလေးတက္ကသိုလ် ပင်မအဆောက်အဦး
  
မန္တလေးတက္ကသိုလ်သည် မန္တလေးမြို့၏ အချက်အချာကျသော ၇၃လမ်းမကြီး ပေါ်တွင် တည်ရှိသည်။ မန္တလေးတက္ကသိုလ်သည် နှစ်ပေါင်း(၂၀)နီးပါး ပိတ်ခဲ့ရပြီးနောက် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဝိဇ္ဇာ၊သိပ္ပံ ထူးချွန်တက္ကသိုလ် အဖြစ် ရန်ကုန်တက္ကသိုလ် နှင့်အတူ ပြန်လည်
ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ထူးချွန်ဆိုသည့်စကားလုံးသည် ထိုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူလူငယ်များ အတွက် စိတ်ဝင်စားဖွယ် တစ်ခု ဖြစ်လာခဲ့ပါသည်။ ထို့ကြောင့်လည်း မိဘများ၏ မျှော်လင့်ချက်တို့သည် တက္ကသိုလ်နှစ်ခုအပေါ်တွင် လွန်စွာကြီးမားခဲ့ပါသည်။ အစဉ်အလာကြီးမားခဲ့သည့် တက္ကသိုလ်များ ဖြစ်သည့်အလျောက် မျှော်လင့်မိခြင်းကလည်း သဘာ၀ ကျသည် ထင်ပါသည်။ ကျွန်မသည် မန္တလေးတက္ကသိုလ်၏ ကျောင်းသူဟောင်း ဖြစ်ခဲ့သည့်အလျောက် မန္တလေး တက္ကသိုလ် အကြောင်းကိုသာ အကျယ်တဝင့်ဖော်ပြလိုပါသည်။


     စဖွင့်သည့်နှစ်မှာပင် တက္ကသိုလ်က ခေါ်ယူသည့် အမှတ်များသည် တခြား ဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်များထက် မြင့်မားသည့်အတွက် တက်ရောက်သူ နည်းပါးမည်ဟု ထင်ခဲ့သော်လည်း ကျွန်မတို့ အင်္ဂလိပ်စာမေဂျာတွင် ခေါ်ယူသည့်ဦးရေ အယောက်(၅၀) ပြည့်ခဲ့သည်က အံ့သြစရာပင်။ တစ်ချို့လည်း မိဘများ၏ မျှော်လင့်ချက်ကို အကောင်အထည်ဖော်ရန် တစ်ချို့လည်း ဝါသနာအလျောက် အမှတ်ပိုမြင့်သည့် တက္ကသိုလ်ကို အထင်ကြီးသည် ထင်ပါသည်။ တစ်ချို့လည်း ပညာသင်ထောက်ပံ့ကြေးကို စိတ်ဝင်စားခဲ့သည်လည်း ဖြစ်နိုင်သကဲ့သို့ တက္ကသိုလ်တွင်း အနေအစား ထောက်ပံ့ပေးမှုကို စိတ်ဝင်စားခဲ့သည်လည်း ဖြစ်နိုင်ပါသည်။ 

    ပထမဆုံး ပြန်လည် ဖွင့်လှစ်ရသည့်အတွက် အဖက်ဖက်တွင် လိုအပ်ချက်များ လစ်ဟာမှုများ များစွာရှိခဲ့သည်။ ကျောင်းတွင်း သင်ကြားမှုတွင် ဆရာ၊ဆရာမများ လုံလောက်မှုမရှိခြင်းနှင့် တစ်ချို့သော ဆရာ၊ဆရာမများ သင်ကြားမှုပေါ့လျော့ခြင်း စသည်ဖြင့် အဆင်မပြေမှုများ ဆက်တိုက်ဆိုသလိုကြုံရပါသည်။ ပညာရေး သင်ကြားရေးထက် အတန်း တက်ရောက်မှုကိုသာ အာရုံစိုက်နေသော ပညာသင်နှစ်တစ်ခုဖြစ်ခဲ့သည်။ ကျောင်းသားများလည်း တက်အားသရွေ့ အတန်းပျက်ကွက်မှုလျော့နည်းစေရန် ကြိုးစားခဲ့သည်ကလည်း နောက်ပိုင်းတွင် သင်ကြားရေးအားနည်းမှုတို့ကြောင့် အတန်းတွင်းဝင်ဖို့ပင် စိတ်အားမထက်သန်ဘဲ ဖြစ်ခဲ့ကြသည်။ ပထမဆုံး အစမ်းသပ်ခံကျောင်းသားများဟု လူအများ၏ ပြောဆိုကြခြင်းအပြင် ကိုယ်တိုင်လည်း အစမ်းသပ်ခံဟု ခံစားခဲ့ကြရသည်။ သည်လိုနှင့် မပြည့်စုံမှုများနှင့် ပထမနှစ် စာသင်နှစ် ပြီးဆုံးခဲ့သည်။
    တက္ကသိုလ် ဒုတိယနှစ်တွင် ပထမနှစ်က အခက်အခဲများ ပြေလည်စပြုလာသည်။ အထူးသဖြင့် သင်ကြားရေးတွင် တိုးတက်လာမှုကြောင့် စာသင်ကြားရေးဘက်သို့ ကျောင်းသားများ၏ စိတ်ဝင်စားမှု ပြန်လည်ရရှိလာသည်။ သင်ထောက်ကူ ကိရိယာများ စုံလင်လာသည့်အပြင် လက်ပ်တော့ပ်များ ထောက်ပံ့ပေးခြင်း ပရိုဂျက်တာများ ထားရှိပေးခြင်းတို့ကြောင့် သင်ကြားရေးပိုမို လွယ်ကူ လာသည် ထင်ပါသည်။ အချိန်ပြည့်စာသင်ခြင်းထက် အဖွဲ့လိုက်လှုပ်ရှားမှု ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ပေး မှု စသဖြင့် လုပ်ဆောင်လာရသည့်အတွက် တက်ကြွလာကြသည် ထင်ပါသည်။ PPESENTAIONSများ တစ်ဦးတည်းဖြစ်စေ အဖွဲ့လိုက် ပြုလုပ်ရခြင်းကြောင့် တစ်ဦးတစ်ယောက်ချင်း စွမ်းရည်အပြင် အသင်းအဖွဲ့စိတ်ဓာတ်နှင့်အတူ ကျောင်းသားများအချင်းချင်း ညီအကိုနှမရင်းပမာ ချစ်ကြည်ရင်းနှီးမှု တိုးပွားလာခဲ့သည်။ စာတွေ့ထက် လက်တွေ့ပြုလုပ်ချက်များ ပိုလာခြင်းကြောင့် အများရှေ့ စကားမပြောမဆိုရဲသူများလည်း ကိုယ်ရည်ကိုယ်သွေးတက်လာသည်။ နိုင်ငံခြားသား ကျောင်းသားများ နိုင်ငံခြားသား ဆရာများနှင့် သင်ကြားလာရသည့်အတွက်လည်း အသိအမြင် ပိုကြွယ်ရသည်။

မန္တလေးတက္ကသိုလ် စာကြည့်တိုက်
    ထို့အပြင် ဌာနတစ်ခုစီအလိုက် စာကြည့်တိုက် ထားရှိပေးခြင်း WIFI ထောက်ပံ့ပေးခြင်းအပြင် မြင့်မားခံ့ညားသည့် ကျောင်းစာကြည့်တိုက်အတွင်း E-LIBRARY ထောက်ပံ့ပေးခြင်းကြောင့် စာကြည့်တိုက်တွင် မရသည့် စာအုပ်များ အင်တာနက်ကတဆင့် လေ့လာနိုင်သည်။ E-LIBRARY အသုံးပြုနည်းကိုလည်း အပတ်စဉ် မေဂျာအလိုက် သင်တန်းပေးလျက်ရှိသည်။ ထိုသို့ ကျောင်းတွင်းထောက်ပံ့မှုများအပြင် ကျောင်းသားများ အသိပညာမြင့်မားရေး ရည်ရွယ်ကာ အပတ်စဉ် စာပေဟောပြောပွဲများလည်း ဆောင်ရွက်ထားပေးသည်။ စာပြီးစာ မှတ်သားနေရပြီး ပျင်းရိငြီးငွေ့ခြင်း မဖြစ်ရအောင်လည်း နှစ်စဉ် ကျောင်းပဒေသာကပွဲများ၊ ကာလအလှမယ် မောင်မယ်ပြိုင်ပွဲများ၊ ဌာနတွင်း အဆိုပြိုင်ပွဲများ၊ 

 ဈေးရောင်းပွဲတော်များ၊ အားကစားပြိုင်ပွဲများဖြင့်လည်း အပန်းဖြေစေသည်။ 
    ကျောင်းသားများကလည်း ကိုယ်တိုင်အဖွဲ့များ သင်းဖွဲ့ကာ အနုပညာအသင်း၊ အားကစားအသင်း၊ တောင်တက်အသင်း၊ ပရဟိတအသင်း စသည်ဖြင့် ကိုယ်တွေ့လှုပ်ရှားမှု အသင်းများဖွဲ့စည်းကာ ကျောင်း၏ဂုဏ်ကို တစ်ဖက်တစ်လမ်းက မြှင့်တင်ပေးသကဲ့သို့ နိုင်ငံခြားစကော်လာရှစ် ပရိုဂရမ်များကိုလည်း ဆွတ်ခူးကာကျောင်း၏ဂုဏ်ကို မြှင့်တင်ပေးလျက်ရှိပါသည်။ မပြည့်စုံခဲ့မှုများကို ကျောင်းသားများ ဆရာများ စည်းလုံးစွာ ပါဝင်ဖြည့်ဆည်းရင်း ပြီးခဲ့သည့် ဇန်နဝါရီက မန္တလေးတက္ကသိုလ်၏ (၅၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကိုပင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ တစ်နှစ်ထက်တစ်နှစ် တိုးတက်ကောင်းမွန်လာရင်း ရည်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်မိပါသည်။ 

မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင် အဆောက်အအုံ
    
နှစ်စဉ်နှစ်တိုင်း တိုးတက်ပြောင်းလဲလာမှုတို့ နှင့်အတူ အစွမ်းအစရှိသော ထူးချွန်ထက်မြက်သော လူငယ်များ မွေးထုတ်နိုင်လိမ့်မည်ဟု ယုံကြည်ရင်း နောင်လာမည့် ကျောင်းသားကျောင်းသူ အသစ်များကို ကြိုဆိုရင်း …
မန်းမြေက မန်းတက္ကသိုလ်ကို သတိရခြင်းများစွာဖြင့်..
Wine Thet Ngon Phoo
 

August 7, 2018 at 09:16 am