contact@pandaingmap.com

(+95) 9 764-231-193

လူငယ် နှင့် ပေါင်းသင်းဆက်ဆံရေး အတတ်ပညာ

လုပ်ငန်းခွင်ဝင်တဲ့ အခါ ကိုယ်က ပညာရပ်ပိုင်း Hard Skill ပိုင်းမှာ ဘယ်လောက်ပဲ တဖက်ကမ်းခတ် ထူးချွန်နေပါစေ ပေါင်းသင်းဆက်ဆံရေး မကောင်းပဲ Soft Skill ပိုင်းမှာ အားနည်းနေရင်တော့ ကျရှုံးကြတာများပါတယ်။ ရေရှည် ဘယ်သူမှ လက်တွဲလုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ လုပ်ငန်းခွင်မှာလည်း အဆင်မပြေပဲ ဘေးရောက်နေတတ်ပါတယ်။

Image Credit: https://thebaci.org/myanmar-youth-leaders-in-usa-discuss-the-future-of-their-country

လူမှုနေ့စဉ်ဘဝမှာသာမက ကျောင်းသားဘဝမှာကော လုပ်ငန်းခွင်ဝင်တဲ့အခါမှာပါ အရေးကြီးတဲ့ အရာတစ်ခုကတော့ ပေါင်းသင်းဆက်ဆံရေး အတတ်ပညာဖြစ်ပါတယ်။ Hard Skill ဆိုတာကတော့ အတတ်ပညာ ရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုပါ။ Soft Skill ဆိုတာကတော့ တချို့လူတွေမှာ ပင်ကိုယ်ပါလာတဲ့စွမ်းရည် ဖြစ်ပြီး တစ်ချို့ကတော့ ကိုယ်တိုင်ပြောင်းလဲလုပ်ယူရမဲ့ အရာမျိုးပါ။ လူအများနဲ့ သဟဇာတဖြစ်အောင်နေတတ်ခြင်း ၊ ဆွေးနွေး ညှိနှိုင်းတတ်ခြင်း၊  ဦးဆောင်တတ်ခြင်း အစရှိသဖြင့် အရာတွေက Soft Skill တွေဖြစ်ပါတယ်။  လုပ်ငန်းခွင်ဝင်တဲ့ အခါ ကိုယ်က ပညာရပ်ပိုင်း Hard Skill ပိုင်းမှာ ဘယ်လောက်ပဲ တဖက်ကမ်းခတ် ထူးချွန်နေပါစေ ပေါင်းသင်းဆက်ဆံရေး မကောင်းပဲ Soft Skill ပိုင်းမှာ အားနည်းနေရင်တော့ ကျရှုံးကြတာများပါတယ်။ ရေရှည် ဘယ်သူမှ လက်တွဲလုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ လုပ်ငန်းခွင်မှာလည်း အဆင်မပြေပဲ ဘေးရောက်နေတတ်ပါတယ်။
အဲ့ဒီလိုအလေ့အကျင့်တွေကို တက္ကသိုလ်ကျောင်းသား ဘ၀ ကတည်းက လေ့ကျင့်ထားပါမှ လုပ်ငန်းခွင်မှာဝင်ရောက်လုပ်ကိုင်တဲ့ အခါ အခက်အခဲမရှိ အဆင်ပြေပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ကျောင်းသားက စာပဲလုပ်ရမယ်။ တခြားဘာမှ စိတ်မဝင်စားရဘူး ဆိုတဲ့ အယူအဆတွေက လွဲမှားနေပါတယ်။ Roll 1 တွေက အောင်မြင်သူတွေ ဖြစ်ကောင်းဖြစ်ကြပါလိမ့်မယ်။ ဒါပေမဲ့အောင်မြင်သူတိုင်းကတော့ Roll 1 တွေ မဟုတ်ကြပါဘူး။ အသက်မွေးဝမ်းကျောင်း ပညာရပ် (Hard Skill) ကို ကြိုးစားပြီးလေ့လာ သင်ယူသင့်သလို တစ်ဖက်မှာလည်း (Soft Skill) ပိုင်းကို လေ့လာသင်ယူသင့်ပါတယ်။ Intelligent Quotient (IQ) ဘယ်လောက်ကောင်းကောင်း Emotional Quotient (EQ) မရှိရင်တော့ ယနေ့ခေတ်မှာ ရပ်တည်ဖို့ရာ အဆင်ပြေ လွယ်ကူမှာ မဟုတ်ပါဘူး။ အဲ့ဒီအတွက်ကြောင့် တက္ကသိုလ် တက်နေစဉ် ကတည်းက လေ့ကျင့်ထားဖို့အတွက် လိုအပ်ပါတယ်။ ကိုယ့်ဒေါသကို ထိန်းချုပ်တတ်ဖို ၊့ခံစားချက်ကို ဦးစားမပေးဖို့၊ တစ်ကိုယ်ကောင်းမဆန်ဖို့က အင်မတန် အရေးကြီးပါတယ်။
များသောအားဖြင့် ကျောင်းမှာဆိုရင် ကိုယ့်သူငယ်ချင်း တွေနဲ့လောက်ပဲ အပေါင်းအသင်းလုပ်ပြီး တခြားသူတွေနဲ့ မသိသလိုပဲနေတတ်ကြတာများပါတယ်။ ဒါဟာ ကောင်းတဲ့အလေ့အထ တစ်ခုမဟုတ်ပါဘူး။ လူတိုင်းနဲ့မိတ်ဆွေ ဖွဲ့နိုင်အောင်ကြိုးစားပါ။ တက္ကသိုလ်တက်နေတယ်ဆိုရင် ကိုယ်တက်နေတဲ့ကျောင်းက ပါမောက္ခချုပ်၊ မော်ကွန်းထိန်း၊ ဆရာ၊ ဆရာမ မှ  အစ ကျောင်းသန့်ရှင်းရေး၊ လုံခြုံရေး အထိ မျက်မှန်းတန်းမိပြီး သိနေတယ်ဆိုရင်ပဲ ကိုယ့်အတွက် တစ်ချိန်ချိန်မှာ အကူအညီလိုတဲ့အခါ အကူအညီ ရယူနိုင်မှာဖြစ်ပါတယ်။ ကျောင်းတွင်း လှုပ်ရှားမှု Activities တွေမှာပါဝင်ပါ။ ပရဟိတ လုပ်ငန်းတွေမှာ ပါဝင်ပါ။ အဲ့ဒီမှ တစ်ဆင့် မိတ်ဆွေသစ်တွေရ ရှိလာပါလိမ့်မယ်။ မိတ်ဆွေ ဆိုသည့်နေရာမှာ ကောင်းတဲ့ မိတ်ဆွေတွေ နဲ့ တွေ့နိုင်သလို ဆိုးတဲ့ မိတ်ဆွေတွေနဲ့လည်း တွေ့ဆုံရနိုင်ပါတယ်။ မိတ်ဆွေကောင်း နဲ့တွေ့တဲ့အခါ ကိုယ့်အတွက်ကောင်းကျိုးတွေရနိုင်သလို ဆိုးတဲ့ မိတ်ဆွေမျိုးနဲ့ တွေ့တဲ့အခါ သူ့ကိုပြောင်းလဲပေးနိုင်အောင်ကြိုးစားပါ။ ကောင်း၊ မကောင်း ကို ခွဲခြားသိမြင်နိုင်ဖို့ရာ စာများများဖတ်ပါ။ အခုအချိန်မှာ အင်တာနက် မှလည်း အသိပညာ ဗဟုသုတတွေကို များစွာ ရှာဖွေနိုင်ပါပြီ ဖြစ်တဲ့အတွက် လက်လှမ်းမီသလောက် လေ့လာကြစေလိုပါတယ်။ အပေါင်းအသင်း မကောင်းလို့ပျက်တယ် ဆိုတဲ့စကား ကြားဖူးမှာပါ။ လူငယ်တွေရဲ့သဘော သဘာဝက အရာရာကို စူးစမ်းလေ့လာချင်တယ်။ အဲ့ဒီအချိန်မှာ  မကောင်းမှန်းသိရက်နဲ့ ကိုယ်တိုင် မပြုလုပ်မိစေဖို့အထူးသတိပြုရပါမယ်။ ဥပမာ-မူးယစ်ဆေးဝါး ကိုမကောင်းမှန်းသိရက်နဲ့ စမ်းကြည့်မိရင်တော့ ပြန်လည်ရုန်းထွက်နိုင်ဖို့မလွယ်ကူပဲ တစ်ဘဝလုံး စုန်းစုန်းမြှုပ်သွားနိုင်ပါတယ်။ မိမိကိုယ်မိမိ အညွှန့်ချိုးသလို ဖြစ်ပြီး နောင်တစ်ချိန်မှာ နောင်တရစရာတွေသာ တွေ့ကြုံရနိုင်ပါတယ်။ မိမိရဲ့မိသားစုအတွက် အားကိုးအားထားထိုက်တဲ့သူ ဖြစ်လိုလျှင် မကောင်းတဲ့ အရာတွေကို မလုပ်မိအောင် ဆင်ခြင်သင့်ပါတယ်။ သူတစ်ပါးကို ကောင်းမွန်ဖို့ရာ လမ်းညွှန်ပေးနိုင်တဲ့ သူဖြစ်အောင်ကြိုးစားပါ။ ကိုယ်တိုင်တတ်နိုင်သမျှ လူတွေကို ကူညီပါ။ သူများဆီက အကူအညီပဲ မျှော်ကိုးနေတာမျိုးမဟုတ်ပဲ ကိုယ့်ကပါသူများအတွက် တတ်နိုင်သမျှ အကူအညီပြန်ပေးရပါမယ်။ သူတစ်ပါးက ကိုယ့်အပေါ်ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လူတိုင်းအတွက်တော့ ကိုယ်က မိတ်ဆွေစစ် မိတ်ဆွေမှန် ဖြစ်နေပါစေ။ သို့မှသာ ကိုယ်အကူအညီလို တဲ့အခါ တစ်ပါးသူထံမှ ပြန်လည်ကူညီမှု ရရှိနိုင်ပါလိမ့်မယ်။ လူဆိုတာတစ်ဦးတစ်ယောက်တည်းနေထိုင်လို့မရပါဘူး။ အဖွဲ့အစည်း အသိုင်းအဝိုင်းနဲ့နေထိုင်ရတဲ့အခါ အဆင်ပြေဖို့လိုက်လျောညီထွေ ဖြစ်အောင်နေတတ်ဖို့အရေးကြီးပါတယ်။ လူတွေ ရဲ့စိတ်က တသမတ်တည်းဖြစ်တည်နေတာ မဟုတ်ပါဘူး။ ပျော်ရွှင်နေ တဲ့ အချိန်ရှိသလို ဝမ်းနည်းနေတဲ့ အချိန်ရှိပါတယ်။ တက်ကြွနေတဲ့ အချိန်ရှိသလို စိတ်ဓာတ်ကျ စိတ်အားငယ်နေတဲ့ အချိန်ရှိပါတယ်။ အဆင်ပြေနေတဲ့ အချိန် ရှိသလို အဆင်မပြေတဲ့ အချိန်ရှိပါတယ်။ ဒါတွေကို နားလည်ထားဖို့လိုအပ်ပါတယ်။ လူတစ်ယောက်ကို လွယ်လွယ်နဲ့အပေါ်ယံ ကြည့်ပြီးဆုံးဖြတ်လို့မရပါဘူး။ ကိုယ်ချင်းစာစိတ် ထားရှိဖို့ရာ အရေးကြီးပါတယ်။ မိမိကိုယ်ကို နှိမ့်ချပါ။ ကြွားဝါ မောက်မာတာမျိုးဆိုရင် လူတိုင်းက သဘောမကျတတ်ကြပါဘူး။ ဖြည်းညင်းစွာပြောတဲ့စကားတွေက လူရဲ့ စိတ်ကို ပြေစေနိုင်ပြီး ကြမ်းတမ်းစွာပြောတဲ့ စကားတွေကတော့ အမျက်ဒေါသကို ထွက်စေပါတယ်။ ဒါကြောင့် စကားကို အတတ်နိုင်ဆုံး ယဉ်ကျေးလိမ္မာစွာပြောဆိုပါ။

မေးခွန်းတွေမေးဖို့မကြောက်ပါနဲ့။ အမေးရှိမှ အဖြေရှိမှာပါ။ မေးခွန်းမေးတတ်မှ ကိုယ်လိုချင်တဲ့အဖြေ ကို ရမှာပါ။ ကိုယ်သိချင်တဲ့ အကြောင်းအရာကို သိရမှာပါ။ ကျောင်းမှာ Presentation လုပ်ခိုင်းလျှင် လူအများရှေ့ထွက်ပြီး စကားပြောရမှာ မကြောက်ပါနဲ့။ ကြောက်တဲ့ အရာတစ်ခုကို ထပ်ခါ ထပ်ခါ လုပ်ခြင်းဖြင့် ကြောက်တဲ့စိတ်ကို ကျော်လွှားနိုင်ပါတယ်။
ကျောင်းမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် ပြဿနာတစ်စုံတစ်ခု ဖြစ်လာခဲ့လျှင် ဘယ်သူ့ကြောင့် ဖြစ်တယ်ဆိုပြီး လက်ညှိုးထိုး အပြစ်တင်မဲ့အစား ဘာကြောင့် ဖြစ်တယ် ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ အဖြေကိုရှာပါ။ မိမိထက်  အတွေ့အကြုံရှိတဲ့ သူတွေနဲ့တိုင်ပင်ပါ။ ခေါင်းဆောင်တစ်ဦးရဲ့စိတ်ဓာတ်ကို မွေးမြူပါ။ ခေါင်းဆောင်ဖြစ်လာမဲ့သူက ကျောင်းတက်နေစဉ်အတွင်းမှာ သိသာပါတယ်။ သူငယ်ချင်း အချင်းချင်းမှာတင် ခေါင်းဆောင်တဲ့သူက ရှိစမြဲပါ။ သူ့ကိုယ်သူ ခေါင်းဆောင်လို့ ပြောနေတာမျိုး မဟုတ်ပဲ လူအများက သတ်မှတ်ထားတာမျိုးပါ။ တစ်ခုခုဆို ထိုသူကိုသာ အားကိုးချင် တိုင်ပင်ချင်တာမျိုးပါ။ ပြဿနာ ဖြေရှင်းနိုင်တဲ့ အလေ့အကျင့် ရှိမယ်၊ ကိုယ့်မှာ ဆရာသမားကောင်း၊ မိတ်ဆွေကောင်း၊ အပေါင်းအသင်းကောင်း တွေ အများကြီးရှိမယ်ဆိုရင် ကျောင်းပြီးသွားလို့လုပ်ငန်းလုပ်ကိုင်တဲ့အခါ  အဆက်အသွယ်ကောင်းတွေ ဖြစ်လာပြီး ကိုယ့်အတွက် အထောက်အပံ့ကောင်းတွေ ဖြစ်လာပါလိမ့်မယ်။ ထိုမှတစ်ဆင့် အောင်မြင်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

နန့်ထက်ထက်ထွန်း (WYTU)
 

July 26, 2018 at 09:59 am