Image Source: mmbiztoday
ကျွန်တော်တို့တွေဟာ သူငယ်တန်းကနေ လေးတန်းအထိကို မူလတန်းအဖြစ် ၊ ငါးတန်းကနေ ၈တန်းအထိကို အလယ်တန်းအဖြစ် ၊ ၉တန်းနဲ့၁၀တန်းကိုတော့ အထက်တန်းအဖြစ် အခြေခံပညာကျောင်းတွေမှာ ပညာသင်ယူခဲ့ရပါတယ်။ အပွင့်လင်းဆုံးပြောရမယ်ဆိုရင် တစ်တန်းပြီးတစ်တန်းကို သင်ထားသမျှတွေ အလွတ်ကျက်ရင်း ကျွန်တော်တို့တွေဖြတ်သန်းခဲ့ကြပါတယ်။ ပညာဆိုတဲ့နေရာမှာ အသိပညာနဲ့အတတ်ပညာ ၂မျိုးရှိပါတယ်။ ကျိန်းသေတာကတော့ အသိပညာပဲဖြစ်ဖြစ် ၊ အတတ်ပညာပဲဖြစ်ဖြစ် ဒီပညာတွေကို ရရှိဖို့အတွက် အလွတ်ကျက်ပြီးကြိုးစားနေလို့မရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ခြွင်းချက်မရှိ အလွတ်ကျက်ခဲ့ကြပါတယ်။ ဘာကြောင့်လဲ? စာမေးပွဲအောင်ချင်လို့ပါ။ ဒါဟာ အရိုးရှင်းဆုံး ဖြေရှင်းချက်တစ်မျိုးပါပဲ။
စာမေးပွဲဖြေဖို့အတွက် အလွတ်ကျက်တယ်ဆိုတာ တကယ်တော့ တွေးကြည့်ရင် တော်တော်လေးကိုမှားယွင်းနေတဲ့ယူဆချက်ကြီးပါ။ စာမေးပွဲဆိုတာဟာ သင်ထားတဲ့စာတွေကို သေချာတတ်မြောက်ရဲ့လား ၊ မတတ်မြောက်ဘူးလားဆိုတာကို စစ်ဆေးတာပါပဲ။ မှတ်ဉာဏ်တွေကို စစ်ဆေးတာမဟုတ်ပါဘူး။ ပညာရပ်တစ်ခုကို သင်ကြားတဲ့နေရာမှာ အတွေးအခေါ်တွေက လွတ်လပ်မှုရှိနေရပါမယ်။ ဒါမှလဲ သင်ကြားနေတဲ့ပညာရပ်နဲ့ပတ်သတ်ပြီး ကလေးတွေရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းတွေဟာ မြင့်တက်လာမှာဖြစ်ပြီး ဒီပညာရပ်ကို အမှန်တကယ်ကျွမ်းကျွမ်းဝင်ဝင် တတ်မြောက်လာမှာပဲဖြစ်ပါတယ်။ ဘယ်ပညာရပ်မဆို စဉ်းစားတွေးခေါ်ခြင်းဟာ အခြေခံပါပဲ။ ဒီလိုအခြေခံသဘောတရားဖြစ်တဲ့ စဉ်းစားတွေးခေါ်ခြင်းကို ကန့်သတ်ရိုက်ချိုးခံရပြီး စာမေးပွဲအောင်ဖို့အတွက် စာအုပ်ထဲက စာတွေကို အလွတ်ကျက်နေရတာဟာ Generation အဆက်ဆက်ကို ဘောင်တစ်ခုထဲမှာ ပိတ်လှောင်ထားသလိုပဲဖြစ်နေပါတယ်။
ဒီအလွတ်ကျက်ပညာရေးစနစ်ကြောင့်ဘာတွေထိခိုက်သွားပါသလဲဆိုရင် နှစ်စဉ် နှစ်စဉ် ကလေးပေါင်းမြောက်မြားစွာရဲ့ ရင်ထဲကပန်းတိုင်တွေဟာ ဒီပညာရေးစနစ်ကြောင့်ပဲ ရိုက်ချိုးခံနေရတာဖြစ်ပါတယ်။ ကလေးအယောက် ၁၀၀ မှာ ဆရာဝန်ဖြစ်ချင်တဲ့ကလေးလဲပါသလို အင်ဂျင်နီယာကြီးဖြစ်ချင်တဲ့ကလေးလဲရှိပါတယ်။ စစ်ဗိုလ်လုပ်ချင်တဲ့ကလေးနဲ့ကျောင်းဆရာလုပ်ချင်တဲ့ကလေးတွေလဲ အများအပြားပါ။ ကလေးဆိုပေမဲ့ သူတို့မှာလဲ သူတို့ဘဝကို သူတို့ဖြစ်ချင်တဲ့အတိုင်း ဖြစ်ခွင့်ရှိပါတယ်။ ဖြစ်လဲဖြစ်သင့်ပါတယ်။ ကိုယ်ဝါသနာမပါတဲ့လမ်းကိုလျှောက်နေရတဲ့လူတွေထဲမှာ အောင်မြင်နေတဲ့လူဆိုတာ ခပ်ရှားရှားပါပဲ။ အပေါ်မှာပြောခဲ့တဲ့အတိုင်း ကလေးတွေမှာ သူတို့ရဲ့ဆန္ဒလေးတွေကိုယ်စီရှိကြပေမဲ့ အတော်များများရဲ့အိပ်မက်ဟာ ဒီပညာရေးစနစ်ရဲ့အောက်မှာ အတုံးအရုံးလဲကျခဲ့ကြရပါတယ်။ ဆရာဝန်ဖြစ်ချင်တဲ့ကလေးတစ်ယောက်ဟာ သူဝါသနာပါတာက ဆေးပညာရပ်ပါ။ သူဟာ စာကျက်အားကောင်းချင်မှကောင်းပါမယ်။ ဒါကြောင့် အတန်းထဲမှာ အဆင့် ၁ ကနေ ၁၀ အတွင်း မဝင်ပေမဲ့ ဆေးပညာရပ်ကို သင်ကြားရတဲ့အခါ သူ့ရဲ့ဝါသနာကြီးမားမှုကြောင့် သူဟာ ဆရာဝန်လောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်လာနိုင်တဲ့ဆရာဝန်ကြီးတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ အဲ့လိုကလေးတွေ မြန်မာနိုင်ငံမှာ အများကြီးပါ။ အဲ့ဒီအများကြီးထဲကမှ ၅ ရာခိုင်နှုန်းသော ကလေးတွေသာ သူတို့ရဲ့ဝါသနာပါရာ တက္ကသိုလ်တွေကို တက်ရောက်နိုင်တာပါ။ တွေးကြည့်ရင် နိုင်ငံအတွက် လူသားအရင်းအမြစ်နဲ့ပတ်သတ်ပြီး အရမ်းနှမျောစရာကောင်းသလို ဝမ်းနည်းဖို့သိပ်ကောင်းပါတယ်။
အခြေခံကျောင်းတွေမှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ တက္ကသိုလ်တွေမှာကအစ တက္ကသိုလ်ကျောင်းသားတွေဟာလဲ အလွတ်ကျက်ပြီး စာမေးပွဲဖြေနေကြရတာပဲဖြစ်ပါတယ်။ ဒါဟာ ကောင်းတဲ့အခြေအနေတော့မဟုတ်ပါဘူး။ တက္ကသိုလ်လို အဆင့်မြင့်တန်းတွေမှာတောင် ဒီလို အလွတ်ကျက်ပညာရေးစနစ်ကြီးကလွှမ်းမိုးနေတယ်ဆိုတာဟာ တိုင်းပြည်ရဲ့ပညာရေးနဲ့ပတ်သတ်ပြီး အတော့်ကိုရင်လေးစရာပါပဲ။ နောင်လာမဲ့မျိုးဆက်သစ်တွေအတွက် ကျွန်တော်တို့ဟာ ဒါတွေကို တွန်းလှန်ပြီး အတွေးအခေါ်ပိုင်းကိုအားပေးတဲ့စနစ်မျိုး ၊ ပညာတကယ်တတ်မဲ့စနစ်မျိုးကို တည်ဆောက်ဖို့သင့်နေပါပြီ။ အခုနောက်ပိုင်းမှာ မြန်မာနိုင်ငံပညာရေးစနစ်ဟာ ယခင်ကထက် အနည်းငယ်ပြောင်းလဲလာပေမဲ့ အလွတ်ကျက်ပညာရေးစနစ်အဖြစ်သာ တည်ရှိနေပါသေးတယ်။ အမြစ်ကနေဆွဲလှန်ပြီး တစ်ခါထဲ ထပြင်လိုက်လို့မရဘူးဆိုပေမဲ့ အလွတ်ကျက်ရမဲ့နေရာမှာ အတွေးအခေါ်ပိုင်းကိုအားပေးတဲ့ပုံစံမျိုးလေးတွေနဲ့ တဖြည်းဖြည်းချင်း အစားထိုးသွားသင့်ပါတယ်။
တခြားနိုင်ငံတွေမှာဆိုရင် ကျောင်းသား ၊ ကျောင်းသူတွေဟာ စာကြည့်တိုက်ကို အရမ်းအားထားရပါတယ်။ စာကြည့်တိုက်ဟာ သူတို့လုပ်ရမဲ့စာတမ်းအတွက် လေ့လာစရာတွေနဲ့ပြည့်နှက်နေလို့ပဲဖြစ်ပါတယ်။ ကျွန်တေ်ာတို့ဆီက စာကြည့်တိုက်တွေကတော့ ဖုန်တက်နေတဲ့စာအုပ်တွေနဲ့ အမြဲတမ်းထိုင်သူကင်းမဲ့နေတဲ့ခုံတန်းလေးတွေပဲရှိပါတယ်။ တချို့ကျောင်းတွေမှာဆိုရင် စာကြည့်တိုက်ကို သော့ပိတ်ထားတဲ့အထိကို အခြေအနေဆိုးတာပါ။ ဘာကြောင့်လဲဆိုရင် ကျောင်းသား ၊ ကျောင်းသူတွေဟာ စာကြည့်တိုက်ကို သွားစရာမလိုလို့ပါ။ သူတို့အလွတ်ကျက်ရမဲ့စာတွေဟာ သူတို့ရဲ့ဖတ်စာအုပ်နဲ့ကျောင်းစာအုပ်တွေမှာ ရှိပါတယ်။ သူတို့အတွက်က ကျောင်းမှာ စာလာသင်ပြီး ကျူရှင်မှာ စာကျက်ဖို့ပါပဲ။ ဒါကြောင့်လဲ နောက်ပိုင်းကလေးတွေဟာ တဖြည်းဖြည်းနဲ့ ပြင်ပဗဟုသုတတွေ လျော့နည်းလာရတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ခေတ်တုန်းက စာဖတ်တတ်တဲ့အလေ့အထလေးတွေရှိနေသေးလို့သာ ကျွန်တော်တို့လဲ ကျောင်းစာအပြင် ပြင်ပဗဟုသုတ အနည်းငယ်လောက် ခေါင်းထဲရှိနေတာပဲဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ တခြားနိုင်ငံ့ရေးရာတွေနဲ့အတူ ပညာရေးစနစ်လဲ ပြောင်းလဲဖို့သင့်ပါပြီ။ နောင်လာမဲ့ မျိုးဆက်သစ်တွေအတွက် ကျွန်တေ်ာတို့ရဲ့အမွေဆိုးကြီးကို သူတို့တွေ မခံစားရဖို့အတွက် ပြောင်းလဲဖို့တတ်နိုင်တဲ့လူတွေက ပြောင်းလဲပေးနိုင်ကြပါစေလို့ ဆုတောင်းရုံမှတစ်ပါး……..
မောင်မောင်ဇော်
July 20, 2018 at 09:16 am