contact@pandaingmap.com

(+95) 9 764-231-193

ရန်ကုန် ပညာရေးတက္ကသိုလ်

ကျွန်မနာမည်က ဝင်းမာစိုးလို့ ခေါ်ပါတယ်ရှင့်။ကျွန်မက ရခိုင်တိုင်းရင်းသူတစ်ယောက်ပါ။ ယခု အထက.ဂျိတ္တောက သတ္တမတန်းနဲ့ အဋ္ဌမတန်းကလေးတွေကို သင်္ချာဘာသာရပ်ကိုသင်ကြား ပေးနေပါတယ်။

Image Credit : Yangon University of Education (YUOE)

ကျွန်မအနေနဲ့ တက္ကသိုလ်ဝင်တန်းကို အထက သံတွဲမှာ အောင်မြင်ခဲ့ပါတယ်။ စစ်တွေ တက္ကသိုလ်မှာ သင်္ချာဘာသာရပ်ကို ဆည်းပူးခဲ့ပါတယ်။ကျွန်မက စာသင်ရတာကိုလည်း ဝါသနာပါပါတယ်။ တက္ကသိုလ်မှာ သင်ယူပြီ ဆိုကတည်းက ကျွန်မအနေနဲ့ တစ်ချိန်ချိန်မှာ ကလေးလေးတွေ အတွက် ဆရာမ ပြန်လုပ်မယ်လို့ ရည်ရွယ်ထားပြီးသားပါ။ သင်္ချာဘာသာရပ် ကိုလည်း ဝါသနာပါတော့ ဆက်လက်ပြီး သင်္ချာဘာသာကိုပဲ သင်ဖြစ်ခဲ့ပါတယ်။


 
ကျွန်မဝါသနာနဲ့အညီ ပညာရေးကောလိပ်က ဘွဲ့ရလျှောက်လွှာတွေခေါ်တော့ ကျွန်မ ပါဝင် ဖြစ်ခဲ့ပါတယ်။ကျောက်ဖြူပညာရေးကောလိပ်က ဒီပလိုမာ ရခဲ့ပါတယ်။မူလတန်းပြ အနေနဲ့ စတင် ခြေလှမ်းစခဲ့ပါတယ်။အဲ့ဒီကနေတဆင့် နှစ်အနည်းငယ် ကြာပြီးနောက်မှာ အလယ်တန်းပြ ဖြစ်လာ ပါတယ်။ အလယ်တန်းပြ လုပ်သက်ငါးနှစ်ပြည့်ရင် BE.D ဝင်ဖြေ ဝင်ကြိုးစားခွင့်ရှိပါတယ်။ ကျွန်မလည်း လုပ်သက်ငါးနှစ် ကျော်ပြီ မို့လို့ BE.D ဝင်try ခဲ့ပါတယ်။ BE.D သင်တန်း ဝင်ခွင့် အောင်မြင်ခဲ့တာမို့လို့ရန်ကုန်မှာ နှစ်နှစ်တိတိ အောက်တိုဘာနဲ့ နွေရာသီတွေမှာသင်တန်းကာလတို တက်ရပါတယ်။BE.D မှာ တော့  Eng Theory Physco Math Teaching စတဲ့ဘာသာရပ်တွေကို အထူးပြုသင်ကြားရပါတယ်။ရန်ကုန် ပညာရေးတက္ကသိုလ်မှာ သင်ကြားရတာပေါ့နော်။ကျွန်မက သံတွဲက လာတာဆိုတော့ ညီမနဲ့ ညီမ သူငယ်ချင်းတွေအားလုံး ပညာရေးတက္ကသိုလ် တကောင်းဆောင်မှာပဲ နေကြပါတယ်။ 
အောက်တိုဘာမှာတစ်ခါ  မတ်၊ဧပြီမှာတစ်ခါ ရန်ကုန်ကို လာရောက်ပညာသင်ကြားရာမှာ စာမေးပွဲတွေကိုလည်း အကန့်လိုက် သူ့ဘာသာနဲ့သူ သင်ကြားဖြေဆိုရပါတယ်။ကျွန်မရဲ့ ရည်မှန်းချက်ကတော့ ထူးချွန်ထက်မြက်ပြီး နိုင်ငံအတွက် အကျိုးပြုမယ့် နိုင်ငံသားကောင်းလေး တွေကို ကျွန်မတတ်နိုင်တဲ့ဘက်ကနေ မွေးထုတ်ပေးချင်တာပါ။ကျွန်မအနေနဲ့ကလေးငယ်လေးတွေ ကို စာသင်ပေးရမှာ စိတ်ဝင်စားသလို မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ teaching system တွေကိုလည်း စိတ်ဝင်စားပါတယ်။ ဒါကြောင့်လည်း အမြဲလိုလို လေ့လာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က အခုအချိန်မှာ အများကြီး ပြောင်းလဲဖို့ လိုနေတယ်ဆိုပေမယ့် ကျွန်မအနေနဲ့ ကျရာတာဝန်ကနေ ပါဝင်ကူညီဖို့ အစီအစဉ်ရှိပါတယ်။ကျွန်မအနေနဲ့ကတော့ မိမိကိုယ်ကိုယ် ပထမဦးစွာ ပြောင်းလဲခြင်းသည်သာ အခြေခံအကျဆုံးပြောင်းလဲခြင်း၊ စစ်မှန်သော ပြောင်းလဲခြင်းဖြစ်တယ်လို့ ယုံကြည်လို့ပါ။
ကျွန်မအနေနဲ့ကတော့ ပထမဆုံးကျွန်မကိုယ်ကျွန်မ စိတ်ဓာတ်ပိုင်းဆိုင်ရာရော အပြုအမူ ပိုင်းဆိုင်ရာကိုပါ positive ဖြစ်နေအောင်လေ့ကျင့်ထားပါတယ်။ ဆရာ၊ဆရာမတွေမှာ အဓိက လိုအပ်ချက်လို့လည်း ထင်မြင်မိပါတယ်။ ဆရာ၊ ဆရာမတွေ ဆိုတာကအနာဂတ်ရဲ့ နိုင်ငံသားကောင်း လူငယ်လေးတွေကို ပညာသင်ကြားပေးနေတာပါ။ဒါ့အပြင်သူတို့အရွယ်လေး တွေက လွယ်လွယ်နဲ့အတုယူလွယ်တတ်၊ လွှမ်းမိုးခံရတတ်ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မအနေနဲ့ အကောင်းဆုံး ပြုမူ ဆက်ဆံလိုက်ခြင်းဟာ သူတိူ့အတွက် အကောင်းဆုံးအပြုမူတွေဖြစ်မယ်လို့ ယုံကြည်မိလို့ပါရှင့်။
ကျွန်မတို့ ရခိုင်ဘက်ဆို အားလုံးသိတဲ့အတိုင်းပဲမြန်မာလူမျိုးတင်မကဘဲတိုင်းရင်းသားတွေ၊ ကိုးကွယ်ရာ ဘာသာ ကွဲပြာသူတွေအများဆုံးနေထိုင်ကြတဲ့နေရာလည်းဖြစ်ပါတယ်။အဲ့ဒီအတွက် ကျွန်မအနေနဲ့ပညာသင်ကြားရာမှာ အထူးသတိထားရပါတယ်။ အားလုံးကို တန်းတူပညာ တွေပေးနိုင်ဖို့ သတိပြုရပါတယ်။ ကျွန်မ ပညာသင်ကြားပေးနေတဲ့ အထက.ဂျိတ္တောဆို လူချမ်းသာ တွေနည်းပါတယ်။ အားလုံးဟာ လက်လုပ်လက်စားတွေဖြစ်လို့ ကလေးတွေဟာလည်း ပညာကို သင်ချင်စိတ်၊ပညာတတ်ချင်စိတ်တစ်ခုတည်းနဲ့သာ သင်ကြားသူတွေပါ။ ကျွန်မအနေနဲ့သူတို့တွေ အတွက် ကျောင်းမှာ ပညာသင်ရကြိုးနပ်အောင်ကြိုးစားနေပါတယ်။ ကျွန်မတင် မကပါဘူး။ ကျွန်မတို့ကျောင်းက ဆရာမတွေအားလူံးကလည်း ကာယ ချိန် ကာယ၊ စာရိတ္တ ချိန် စာရိတ္တ ဆိုပြီး သင်ကြားပေးပါတယ်။ကျွန်မတို့အားလုံးအနေနဲ့ စာအုပ်တွေအများကြီးကိုလည်း ဖတ်ကြားပါတယ်။ ဖတ်ကြားထားတဲ့စာအုပ်တွေကနေတစ်ဆင့် အားလပ်ချိန်လေးမှာဆိုရင် ပုံပြင်လေးတွေပြောကြား ပေးပြီး သူတို့ ကိုယ်ချင်းစာတတ်လာအောင်၊ ကိုယ့်ကျင့်တရား ကောင်းမွန်လာအောင်၊ စိတ်ဓာတ်ကြံခိုင်မှု ရှိအောင် သင်ကြားပေးပါတယ်။ 
 ကျောင်းသားလူငယ်ကလေးတွေဟာကျွန်မရဲ့ နှလုံးသည်းပွတ်ဖြစ်ပါတယ်။ သူတို့လေးတွေ ကို အသိပညာ၊ အတတ်ပညာတွေ သင်ကြားပေးနေရတာကလည်း ကျွန်မရဲ့ လောကနိဗ္ဗာန် တစ်ခုလိုပါပဲ။သူတိူ့လေးတွေဝါသနာပါရာacademic ပိုင်းမှာအောင်မြင်သွားရင်တော့ပီတိကိုစားပြီး အားရှိနေရတာပါ။ ကျွန်မအနေနဲ့ အားကျအတုယူနေရတဲ့ ကျွန်မရဲ့စီနီယာဆရာကြီး၊ဆရာမကြီး တွေလည်း ရှိပါတယ်။ ကျွန်မရဲ့ အမြင်အနေနဲ့ကတော့ အခြေခံပညာကျောင်းသား/သူလေးတွေကို ပညာသင်တယ်ဆိုတာ တကယ်တာဝန်ကြီးပါတယ်။ ဆရာ/ဆရာမတွေရဲ့ကိုယ်ရေးကိုယ်တာကိစ္စ၊ စိတ်ခံစားမှှူတွေဟာ ကလေးတွေအပေါ်မှာ  မထားရှိသင့်ပါဘူး။ အမြဲ တက်ကြွလန်းဆန်းနေပြီး အကောင်းမြင်စိတ်တွေက ကျောင်းသားတွေရဲ့ စာသင်ကြားမှုတွေနဲ့ တိုက်ရိုက်သက်ဆိုင်မှု ရှိတာမို့လို့ တကယ်အဓိကလိုအပ်ပါတယ်။
ဘယ်လိုအခက်အခဲတွေပဲရှိရှိ ကျွန်မ အဆင့်မြင့်ပညာတွေကို လေ့လာဆည်းပူးသွားမှာပါ။ ဆည်းပူးခဲ့သမျှ ပညာတွေအားလုံးကိုလည်း ကျွန်မ ပြန်လည်မျှဝေပေးဦးမှာပါ။မြန်မာနိုင်ငံရဲ့ ပညာရေး ၊စီးပွားရေး အခြေအနေတွေ ဘယ်လိုပဲရှိရှိ ကျွန်မအနေနဲ့ကျွန်မ တာဝန်ကျရာနေရာ ကနေ အကောင်းဆုံးကြိုးစားသွားမယ်လို့ သန္ဓိဋ္ဌာန် ချမှတ်ထားပါတယ်။
 

July 13, 2018 at 09:37 am