Image Credit: blogs.studyinsweden.se
မြန်မာကျောင်းသားလူငယ်များနှင့် အချိန်ပိုင်းအလုပ်
လက်က လက်ပတ်နာရီကို ကြည့်တော့ သုံးနာရီခွဲနေပြီ။ ခဏနေရင် လေးနာရီခွဲလောက်ဆို အတန်းချိန်ပြီးလောက်ပြီ။ အတန်းချိန်ပြီးရင်ဘာလုပ်ရမလဲဆိုတဲ့ ပြဿနာက တွေးကြည့်ရင် တိမ်မယောင်နဲ့နက်တယ်။ ရွေးချယ်စရာက သိပ်မရှိ။ အတန်းပြီးရင် အဆောင် (သို့မဟုတ်) အိမ်ကို ပြန်၊ တစ်ကိုယ်ရေသန့်စင်၊ အပန်းဖြေစရာ တစ်ခုခုလုပ်သယောင်ယောင်နဲ့ နေ့တစ်နေ့က ညအထိကုန်သွားတာချည်းပဲ။ အစကတော့ ဟုတ်မလိုလိုပဲ။ ဘာမှလုပ်စရာမရှိ၊ အချိန်တန်ရင် ကျောင်းစာလေးနည်းနည်းပါးပါးလုပ်၊ မိဘဆီက မုန့်ဖိုးလေးတောင်း၊ စာမေးပွဲတွေရောက်လာတော့ ခပ်သော့သော့လေး ကျက်ဖြေ၊ အောင်သွား၊ သာယာလိုက်တာပေါ့။ မဟုတ်တာက ဘယ်ကစလဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်က ကိုယ်နဲ့ရွယ်တူတွေထဲမှာပဲ ကိုယ့်အားကိုယ်ကိုးပြီး ဝင်ငွေရှာနေတဲ့သူတွေတွေ့တဲ့အချိန်မှာ စ တာပဲ။ အဲ့လို လူတွေနဲ့ယှဉ်လာတဲ့အချိန်မှာ ကိုယ်က ယုံကြည်ချက်မရှိတော့၊ လူတွေကြားထဲမှာ ကိုယ့်နေရာက ဆန်ကုန်မြေလေးသာသာ ခံစားလာရတော့တာပဲ။ “ အတန်းချိန်ပြီးရင်ဘာလုပ်ရမလဲဆိုတဲ့ပြဿနာ” ဆိုတာ နည်းနည်းတော့ရှင်းပြရဦးမယ်။ အစောကပြောခဲ့သလို ကိုယ်ရဲ့ကျဆင်းနေတဲ့ ယုံကြည်ချက်ကို ပြန်တင်ရအောင် ကိုယ့်ရဲ့အချိန်ကို အကျိုးရှိစေမယ့် အလုပ်တစ်ခုခုတော့ လုပ်ကြည့်ချင်နေပြီ။ ဒါပေမဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ စာသင်ချိန်က များသောအားဖြင့် မနက် ၈ နာရီကနေ ၄နာရီခွဲလောက်ထိက ရှိနေတတ်တယ်။ အဲ့လိုဆိုတော့ အလုပ်ခေါ်သူတွေရဲ့လိုအပ်ချက်နဲ့ ကျောင်းသားတစ်ယောက်နဲ့က တိုက်ဆိုင်ဖို့တော်တော်လေးခက်နေရော။ စကားပုံတွေထဲကလိုဆို မိုးပေါ်ကကျလာတဲ့အပ်တစ်ချောင်းနဲ့ မြေပြင်ပေါ်က အပ်တစ်ချောင်းတွေဖို့ကမှ လွယ်နေသလိုရှိဦးမယ်။ ပြဿနာဆိုတာကတော့ ဒါပါပဲ။ ပိုနေတဲ့အချိန်တွေကိုက အသုံးချချင်နေပြီ။ ဘယ်နားမှာသွားပြီးသုံးရမလဲဆိုတာ စဉ်းစားအခက်တွေ့နေခြင်းပဲ။
ဒါကတော့ ငယ်ရွယ်ပြီး အားမနေချင်တဲ့ မြန်မာကျောင်းသားလူငယ်တိုင်း တက်အပ်မဟုတ်တောင် ရေးရေးလေးတော့ ကိုယ်ချင်းစာမိနေမယ့် ခံစားမှုမြင်ကွင်းတစ်ချပ်ပဲ။ ဒီနေရာမှာ ‘အချိန်ပိုင်းအလုပ်’ ဆိုတဲ့စကားလုံးနဲ့ကျွန်တော် စတင်သိကျွမ်းလာရတယ်။ သဘောသဘာဝက ဘာလဲ။ ဘယ်လိုကောင်းကျိုးတွေကို ဖန်တီးပေးနိုင်တာလဲ။ ဘယ်လိုမျိုးအခြေအနေမျိုးမှာ လုပ်သင့်တာလဲ .. ဆိုတာတွေနဲ့ပေါ့။ အခုစာလေးကတော့ ကျွန်တော့်လိုခံစားမိနေတဲ့ သူတွေအတွက် အားနေတဲ့အချိန်တွေမှာ ဒီ့ထက်ကြီးမားတဲ့ ဘဝကောင်းကျိုးတွေကို လုပ်ဆောင်နေလို့ရတဲ့ အကြောင်း မျှဝေချင်တာပါ။
အချိန်ပိုင်းအလုပ်ဆိုတာ ဘာလဲဆိုတာကတော့ ရှင်းရှင်းလေးပါပဲ။ ကိုယ်အားတဲ့အခိုက်အတန့်မှာ ကိုယ့်အားသာချက်လေးသုံးပြီးတော့ ကိုယ်ရော အလုပ်ပေးသူပါ အကျိုးအမြတ်ဖြစ်ထွန်းနိုင်တဲ့ အထူးသဖြင့် ကျောင်းသားလူငယ်တွေအတွက်အဆင်ပြေတဲ့ အလုပ်အကိုင်အမျိုးအစားဖြစ်တယ်။ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်တာလဲဆိုတော့ ပထမဆုံးနဲ့ အမြင်သာဆုံးကတော့ ကိုယ်ပိုင်ဝင်ငွေပေါ့။ ကိုယ့်အချိန်၊ ကိုယ့်လုပ်အားနဲ့ ထိုက်တန်တဲ့ အဖိုးအခဖြစ်တယ်။ ကိုယ်ပိုင်ဝင်ငွေဆိုကတည်းက ကိုယ်ဆန္ဒရှိတဲ့အတိုင်း အသုံးပြုနိုင်ပြီ။ ကိုယ်ပိုင်အသုံးအဆောင်၊ အစားအသောက်၊ အနေအထိုင် အစစအရာရာမှာ အသုံးချနိုင်ပြီ။ ဥပမာ- ကျွန်တော်ဆိုရင် online က ရှာဖတ်လို့မရတဲ့ အင်္ဂလိပ်မူရင်းစာအုပ်တွေတောင် ဝယ်ဖတ်နေနိုင်ပြီ။ ဒါ့ထက်ပိုတဲ့ အကျိုးကျေးဇူးက နေရာတိုင်းမှာ ယုံကြည်မှုရှိရှိနဲ့ ကိုယ့်ဘဝကိုယ်ကျေနပ်လာတာပဲ။ အဲ့လိုလက်တွေ့ အတွေ့အကြုံကပေးတဲ့ အချိန်တန်ဖိုးကစလို့ ကိုယ့်ဘဝတန်ဖိုးအထိ သိလာရတယ်။
Image credit - blogs.staffs.ac.uk
တစ်ဆက်တည်းနဲ့ဒုတိယအချက်က ကိုယ့်ရဲ့အချိန်နဲ့ငွေကို စီမံခန့်ခွဲနိုင်မှု တိုးတက်လာခြင်းပဲ။ ဥပမာ ကိုယ်က ဈေးကြီးတဲ့ပစ္စည်းတစ်ခုလိုချင်တယ် ဆိုကြပါစို့။ ဒီနေရာမှာ အချိန်ပိုင်းအလုပ်နဲ့ ကိုယ်ပိုင်ဝင်ငွေရှာနေတဲ့သူတစ်ယောက်က ချိန်ခွင်သီအိုရီအားဖြင့်စဉ်းစားလိမ့်မယ်။ ချိန်ခွင်ရဲ့တစ်ဖက်မှာ ကိုယ်လိုချင်တဲ့ပစ္စည်းရဖို့ ပေးဆပ်လိုက်ရတဲ့ ကိုယ်ရဲ့ အချိန်နဲ့ လုပ်အားရှိမယ်။ တစ်ခြားတစ်ဖက်မှာတော့ ကိုယ်လိုချင်တဲ့ပစ္စည်းရဲ့ ကိုယ့်ဘဝတစ်လျှောက်အသုံးဝင်မှုရှိနေမယ်။ ဒီလိုမျိုး ချိန်ခွင်လျှာချိန်ညှိပြီး စဉ်းစားတတ်လာမယ်။ ဒီလိုစီမံခန့်ခွဲမှုအမြင်ကို ကိုယ့်ဘဝရဲ့ ဆုံးဖြတ်ချက်တိုင်းမှာ အသုံးချတတ်လာလိမ့်မယ်။
နောက်ဆုံးနဲ့ ကိုယ့်အတွက် အကျိုးအရှိဆုံးအချက်ကတော့ လုပ်ငန်းအတွေ့အကြုံကို စုဆောင်းမိခြင်းပဲ။ အလုပ်လျှောက်လွှာတိုင်းမှာ မဖြေမဖြစ်ဖြေရမယ့် အဖြေတစ်ခုက ကိုယ့်ရဲ့ လုပ်ငန်းအတွေ့အကြုံ ဘယ်လောက်ရှိလဲနဲ့ ဘယ်အပိုင်းတွေမှာလဲဆိုတာပဲ။ ဒီအချိန်မှာ အချိန်ပိုင်းအလုပ်နဲ့ အတွေ့ကြုံရှာထားတဲ့ လူငယ်တစ်ယောက်က ရဲရဲဝင့်ဝင့် အဖြေပေးရုံပဲ။ ဒီအချက်ဟာ တခြားပြိုင်ဘက်တွေထက် ခြေတစ်လှမ်းစာ အလုပ်နေရာကြိုဦးနေခြင်းမျိုးပဲ။ ပြီး .. ဒီအတွေ့အကြုံတွေဆိုတာက စာပေါ်တင်ရတဲ့ စာတွေ့တွေမဟုတ်ဘူး။ တကယ့် လက်နဲ့တွေ့၊ ခေါင်းနဲ့ရင်ဆိုင် ဖြေရှင်းခဲ့ရတာမျိုးတွေချည်း။ နောက်ထပ် ပြဿနာတွေကိုရင်ဆိုင်တွေ့လည်း အမှန်တကယ် ဖြေရှင်းနိုင်နေမယ့် တွေးခေါ်မှုမျိုးကို ကိုယ်ကပိုင်ဆိုင်ထားပြီးသား။ ဒါက စာရွက်ပေါ်မှာတင်မကတဲ့ လက်တွေ့ခြေတစ်လှမ်းစာ သာနေတဲ့အချက်လည်း ဖြစ်တယ်။ အလုပ်အင်တာဗျူးတွေကို အပြုံးနဲ့သွားဖြေနိုင်တဲ့သူတွေထဲကတစ်ယောက် ကိုယ်ဖြစ်နိုင်တာပေါ့။
ဒီစာကိုပြီးတဲ့အချိန်မှာ စာဖတ်သူက ကျွန်တော်နဲ့ခံစားချက်တူ ကျောင်းသားလူငယ်တစ်ယောက်ဖြစ်ခဲ့ရင် ကိုယ့်မှာရှိတဲ့ အတွေ့အကြုံသေးသေးလေးတွေကိုစုပြီး သင့်တော်တဲ့နေရာအတွက် အလုပ်လျှောက်စာ စ ပို့သင့်နေပြီ။ ဒါက ဘယ်အချိန်မှာ လုပ်သင့်တာလဲဆိုတာအတွက် ကျွန်တော့်ရဲ့အဖြေပါပဲ။
ခင်မင်စွာဖြင့်
မျိုးမင်းသန့်၊ ရဲကျော်သူ
July 6, 2018 at 10:13 am