contact@pandaingmap.com

(+95) 9 764-231-193

ယူနီကုဒ်ဆိုတာဘာလဲ? ယူနီကုဒ်ကိုဘာကြောင့်ပြောင်းသင့်တာလဲ? အပိုင်း-၁

ဒီစာကတော့ ယူနီကုဒ်အကြောင်းကို အရမ်းအသေးစိတ်အထိ မဆင်းပဲ နည်းပညာနဲ့ ဝေးသူ နားလည်အောင် ရှင်းပြလိုတဲ့ post တစ်ခုသာဖြစ်ပါတယ်။
ရေးသားသူ ငြိမ်းချမ်းကိုကို 

⭐️ပထမဆုံး သိချင်ကြတဲ့အချက်ကတော့ ယူနီကုဒ်ဆိုတာ ဘာလဲဆိုတာပဲဖြစ်ပါတယ်။⭐️

သူက စံသတ်မှတ်ထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ယခင်က သတ်မှတ်ခဲ့တဲ့ စနစ်တွေကို ပြန်ကြည့်ရမယ်ဆိုရင် တစ်ပတ်မှာ ၇ရက်ရှိရပါမယ်။ တစ်ကီလိုမီတာမှာ ၁၀၀၀ မီတာရှိရမယ် ။ တစ်ပေါင်မှာ ၁၆ အောင်စရှိတယ်။ ဒါကိုမှ ကိုယ့်တစ်နိုင်ငံတည်း တစ်ပတ်မှာ ၈ရက် လုပ်မယ်ဆိုပြီး လုပ်လို့မရပါဘူး။ ကိုယ်တွေကြည့်ပဲ တစ်ကီလိုမီတာမှာ ၁၁၀၀ မီတာထားမယ်ဆိုပြီး သတ်မှတ်လို့မဖြစ်နိုင်ပါဘူး။ တစ်ပေါင်မှာ ၁၇ အောင်စလုပ်လိုက်ကွာဆိုတာမျိုးလည်း လုပ်လိုက်လို့မဖြစ်ပါဘူး။
ကိုယ့်နိင်ငံအတွင်းမှာ နားလည်မှုနဲ့ လုပ်လို့ဖြစ်ရင်တောင် အခြားနိုင်ငံနဲ့ ဆက်သွယ်ပြီးလုပ်မယ့်အခါမျိုးကျရင် ရှုပ်ထွေးမှုတွေ ဖြစ်ကုန်ပါတော့မယ်။

ယခု ယူနီကုဒ် ဆိုတာကျတော့ ကွန်ပျူတာနည်းပညာတွေ ၊အင်တာနက်တွေ ခေတ်စားလာပြီးတဲ့အချိန်မှာ တစ်ကမ္ဘာလုံးက ဘာသာစကားတွေအတွက် အရှုပ်အထွေးမဖြစ်အောင် တီထွင်လိုက်တဲ့စနစ်ပါ။ လူတွေမှာ မှတ်ပုံတင်နံပါတ်တွေ ၊ ကားတွေမှာ လိုင်စင်နံပတ်တွေရှိသလိုပဲ အက္ခရာ စာလုံးတွေမှာလည်း ကိုယ်ပိုင်နံပါတ်တွေရှိပါတယ်။
အဲဒီနံပါတ်တွေကတော့ က ကြီးတို့ ခခွေးတို့ A တို့ B တို့ကို ကွန်ပျူတာက သိတဲ့ နံပါတ်တွေပါပဲ။ ကွန်ပျူတာတွေက ညံ့ပါတယ်။ ကျွန်တော်တို့ လူတွေလို စာလုံးကို မျက်စိ နဲ့ မြင်တာနဲ့ တန်းဖတ်တတ်တာမဟုတ်ပါဘူး။ သူ့နောက်ကွယ်က ကိုယ်ပိုင်နံပါတ်ကိုပဲသိတာပါ။ ယူနီကုဒ်ဆိုတာ အဲဒီအက္ခရာစာလုံးတွေကို တော့ဖြင့် ဘယ်ဟာကိုတော့ ဘယ်နံပါတ် ပေးမလဲ၊ ဘယ်ဟာကိုတော့ ဘယ်လို သတ်မှတ်မလဲဆိုတာကို စနစ်တကျဖြစ်အောင် ၊အခြား ဘာသာစကားတွေနဲ့ အရှုပ်အရှင်းမဖြစ်အောင် စနစ်ချပေးတဲ့ အရာကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း တကယ့်တကယ် လုပ်ငန်းစဉ်မှာတော့ အက္ခရာတွေမှာ ကိုယ်ပိုင် ရေးထုံးရေးဟန်တွေ ကလည်းရှိနေပါတယ်။ ဥပမာ- ကျနော်တို့က ဘယ်ကနေ ညာကိုရေးပါတယ်။ အချို့က ညာကနေဘယ်ကို ရေးတဲ့ ဘာသာစကားတွေရှိပါတယ်။ အင်္ဂလိပ်စာမှာ good morning ဆိုရင် ရှင်းပေမယ့် မြန်မာစာမှာ ပတ်ဆင့်တွေကော၊ ယပင့်အကြီးအသေး၊ ရေးချာ မှာလည်း ( ဝိုက်ချ၊ -ာ ၊မောက်ချ ၊ -ါ စသဖြင့်ရှိကြပါသေးတယ်။ ဒီလိုမျိုး ရေးထုံးရေးနည်းတွေကိုပါ အများကြီးထည့်စဉ်းစားပြီး တည်ဆောက်ကြပါတယ်။ အဲဒါကျတော့မှ နောက်ဆုံး အများအဆင်ပြေပြေသုံးနိုင်တဲ့အဆင့်ကို ရောက်ပါတယ်။ ဒီ စနစ်ကို အုတ်မြစ်အဖြစ်အသုံးပြုပြီး ကျန်တဲ့ နည်းပညာတွေ ဆက်လက်တည်ဆောက်ကြပါတယ်။ အုတ်မြစ်မခိုင်ခဲ့ရင် အစပိုင်း အဆင်ပြေပေမယ့် နောက်ပိုင်း နည်းပညာတွေ အဆင့်မြင့်လာလေ အမြင့်ဆက်တက်လို့မရလေလေ ဖြစ်တတ်ပါတယ်။
ယူနီကုဒ် ဆိုတာကို မျက်စိထဲရေးရေးလေး မြင်လာပြီဆိုရင်တော့ သူ့ရဲ့အားသာချက် အားနည်းချက် ဘာလဲဆိုတာလေးကို ဆက်ပြောပြချင်သေးတယ်။ 

 

September 18, 2019 at 09:52 am