contact@pandaingmap.com

(+95) 9 764-231-193

မိဘများပြုစုစောင့်ရှောက်ပုံနှင့် ပညာရေး

မြန်မာနိုင်ငံရှိမိဘများသည် မိမိတို့ရင်သွေးများကို ကျောင်းနေရင်အားလုံးလုပ်တတ်သွားမှာ ဟူသောအစွဲများရှိနေတတ်သည်။ မူကြိုမနေခင်အရွယ်တွင် တတ်သင့်သောအရာများကို မသင်ကြားပေးဘဲ မိဘများကကိုယ်တိုင် လုပ်ကိုင်ပေးလေ့ရှိကြသည်။

မိဘများပြုစုစောင့်ရှောက်ပုံနှင့် ပညာရေး

မြန်မာနိုင်ငံရှိမိဘများသည် မိမိတို့ရင်သွေးများကို ကျောင်းနေရင်အားလုံးလုပ်တတ်သွားမှာ ဟူသောအစွဲများရှိနေတတ်သည်။ မူကြိုမနေခင်အရွယ်တွင် တတ်သင့်သောအရာများကို မသင်ကြားပေးဘဲ မိဘများကကိုယ်တိုင် လုပ်ကိုင်ပေးလေ့ရှိကြသည်။ မိဘများကိုယ်တိုင်လုပ်ကိုင်ပေးသည်မှာ တစ်နည်းအားဖြင့်မမှားသော်လည်း မှန်ကန်သည်ဟုလည်းမဆိုနိုင်ပါ။ လုပ်သင့်တတ်သင့်သော အရာများကိုသင်ကြားပေးသင့်သည်။ တစ်ချို့ဆိုလျှင် မူကြိုအရွယ်မဆိုနှင့် အထက်တန်းအရွယ်ကလေးများကိုပင်  ကျောင်းသို့လွယ်အိတ်လွယ် ခြင်းတောင်းကိုင်လိုက်ပို့ပေးသောမိဘများလည်း ရှိသည်။ မိဘဖြစ်လို့ချစ်လို့လုပ်ပေးတာဟု ဆိုသော်လည်းလုပ်ပေးသင့်သော အရာများနှင့်ကလေးကိုယ်တိုင် လုပ်ဆောင်နိုင်သောအရာများကိုခွဲခြားပေးထားရန်လိုအပ်သည်။ အမှားအမှန်များသိရန်ခွဲခြား ပြောဆိုပေးထားရန်လိုအပ်ပါသည်။ ကလေးများကိုရွေးချယ်ခွင့်ပေးရန်လည်းလိုအပ်ပါသည်။ သို့မှသာကလေးများအနေဖြင့် မိမိကိုယ်ကိုယုံကြည်မှုရှိစွာနှင့် ကောင်းသောလမ်းများကိုရွေးချယ် လျှောက်လှမ်းနိုင်မည်ဖြစ်သည်။ 

ညာဘက်ဦးနှောက်နှင့်ဘယ်ဘက်ဦးနှောက်

ကလေးငယ်များကိုပြုစုစောင့်ရှောက်သူများသည် ကလေးများအကြောင်းများကို ကောင်းစွာသိရန်လိုအပ်ပါသည်။ ဦးနှောက်ဖွံ့ဖြိုးမှုတွင် ညာဘက်ဦးနှောက်ဖွံ့ဖြိုးမှုနှင့်ဘယ်ဘက်ဦးနှောက်ဖွံ့ဖြိုးမှု ဟုတစ်ဦးနှင့်တစ်ဦးမတူညီကြပေ။ ဘယ်ဘက်ခြမ်းနှင့်ညာဘက်ခြမ်းဦးနှောက်သည် ဖွံ့ဖြိုးမှုခြင်းမတူပေ။ ဘယ်ဘက်ခြမ်းဦးနှောက်ဖွံ့ဖြိုးသူများသည် သင်္ချာစွမ်းရည်၊ လူတစ်ဦးနှင့်တစ်ဦးပြောဆိုရာတွင် စကားအသုံးနှုန်းများပိုမိုပြောဆိုတတ်ခြင်း၊ သီချင်းစာသားများမှတ်မိခြင်း၊ ခွဲခြမ်းစိတ်ဖြာလုပ်ကိုင်တတ်ခြင်း၊ လက်တွေ့ဆန်တတ်ခြင်း၊ ဖြစ်ရပ်များနှင့်အကြောင်းအရာများကိုစုစည်း အဖြေရှာတတ်ခြင်း၊ အစီစဉ်တကျလေ့လာတတ်ခြင်း၊ လက်တွေ့ဆန်တတ်ခြင်း၊ အသေးစိတ်မြင်တတ်ခြင်း၊ လက်တွေ့ဆန်ဆန်တွေးခေါ်တတ်ကြပြီး နှလုံးသား၏ခံစားမှုကိုဦးစားပေးတတ်ကြသည်။ ညာဘက်ဦးနှောက်ဖွံ့ဖြိုးသူများသည် တီထွင်ဖန်တီးတတ်ခြင်း၊ အနုပညာဖန်တီးတတ်ခြင်း၊ ဖြတ်ထိုးတွေးခေါ်နိုင်စွမ်းရှိခြင်း၊ အကြံဉာဏ်ကောင်းစိတ်ကူးကောင်းရှိခြင်း၊ စိတ်ကူးပုံဖော်ဖန်တီးတတ်ခြင်း၊ အခြေအနေအရပ်ရပ်ကိုမြင်တတ်ခြင်း၊ ဦးနှောက်၏စဉ်းစားဆုံးဖြတ်မှုကို ဦးစားပေးတတ်ကြသည်။ ဦးဆောင်သူတွေကိုလေ့လာကြည့်ခြင်းဖြင့် ဦးနှောက်၏ ၂ခြမ်းလုံးကိုမျှခြေကြအောင်ကြိုးစားနိုင်တတ်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းဆိုလျှင် တဖက်ဝင်တိုင်းပြည်နှင့်လူမျိုးအတွက်သူရဲကောင်းဖြစ်ခဲ့ပြီးတစ်ဖက်ဝင်တော့ လွတ်လပ်ရေးရပြီးလျှင် စာရေးပြီးဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းချင်သောစိတ်ကိုတွေ့နိုင်သည်။ ဦးဆောင်သူများအနေ့ဖြင့်ဦးနှောက် နှစ်ခြမ်းလုံးဖွံ့ဖြိုးရန်လိုပါသည်။ ကမ္ဘာ့သုတေတနပညာရှင်များအနေဖြင့် ဘယ်ဘက်ခြမ်းဦးနှောက်ဖွံ့ဖြိုးဖို့  ညာဘက်လက်ခြမ်းလေ့ကျင့်ခန်းများပြုလုပ်ပါ။ ညာဘက်ခြမ်းဦးနှောက်ဖွံ့ဖြိုးဖို့ ဘယ်ဘက်ခြမ်းလေ့ကျင့်ခန်းများ ပြုလုပ်ပေးပါ ဟုဆိုသည်။

ကလေးငယ်များနှင့်စာဖတ်ခြင်း

ကလေးငယ်များပညာရေးတွင်အထောက်ကူဖြစ်စေရန် စာဖတ်တတ်သောအလေ့အကျင့်များကို ငယ်စဉ်ကပင်လုပ်ဆောင်ပေးသင့်သည်။ကျောင်းတွင်သာမက အိမ်တွင်လည်းလုပ်ဆောင်ပေးရန်လိုအပ်သည်။  ငယ်စဉ်တွင် ကဗျာပုံပြင်များပြောပြပေးခြင်း စာများဖတ်ပြပေးခြင်းကိုပြုလုပ်ပေးသင့်သည်။ ကလေးငယ်များအတွက်ဖတ်စရာပေါများသော ပတ်ဝန်းကျင်ဖန်တီးပေးရန်လိုအပ်ပါသည်။ ရုပ်ပုံကားချပ်များ ၊ စာတမ်းများ ကိုထားပေးသင့်သည်။ ဗျည်းအက္ခရာ၊ ကိန်းဂဏန်း၊ မွေးနေ့ဇယားချပ်များ၊ အသီးအနှံရာသီဥတုနှင့်ပတ်သက်သောကားချပ်များ၊ ပတ်ဝန်းကျင်နှင့်ဆက်စပ်သောအကြောင်းအရာများကို ရုပ်ပုံကားချပ်များ စကားစုများဖြင့်ပြသထားပေးရန်လိုအပ်သည်။ ရုပ်ပုံကားချပ်များမှရရှိသော အကျိုးကျေးှဇူးများစွာရှိသည်။ ကလေးများသည် ပုံနှိပ်ခြင်းနှင့်သင်္ကေတများအကြောင်း စာတမ်းများအကြောင်းနှင့်ထိတွေ့ရင်းနှီးစေပါသည်။ ဂဏန်းအက္ခရာများကိုသိရှိစေသောကြောင့် စာဖတ်ရာ စာသင်ကြားရာတွင် အသုံးဝင်ပါသည်။ ကလေးငယ်များကိုပုံပြင်များပြောပြပေးရန်လည်းလိုအပ်ပါသည်။ ကလေးများကိုပုံပြင်များပြောပြပြီးပြန်ဆွေးနွေးစေခြင်း၊ မိမိတို့အတွေးထင်မြင်ချက်များကိုပြောပြစေခြင်းတို့ကိုပြုလုပ်သင့်သည်။ ပုံပြင်ဖတ်တတ်သောအရွယ်တွင်စာများကိုမိမိဘာသာ ဖတ်စေပြီး ပြန်လည်ဆွေးနွေးဝေမျှခိုင်းသင့်ပါသည်။ ကလေးများကိုပုံပြင်စာပေများပြောပြပေးခြင်းဖြင့် ဘာသာစကား ကြွယ်ဝခြင်း ၊ ဗဟုသုတများရရှိစေခြင်း၊ လိမ္မာစေခြင်း ၊ စာရိတ္တကောင်းမွန်စေခြင်း၊ နားထောင်စွမ်းရည်တိုးတက်စေခြင်း ၊ စဉ်းစားတွေးခေါ်တတ်ခြင်း စသော အလေ့အကျင့်ကောင်းများရရှိစေပါသည်။ ကာတွန်းရုပ်ပြများဖတ်ခြင်းသည်လည်း ကလေးများအတွက်အကျိုးရှိစေပါသည်။ ကာတွန်းရုပ်ပြများမှ ရရှိလာသည်များ ကောင်းသောအရာကိုအတုယူတတ်စေရန် မကောင်းသောအရာများကိုဆင်ခြင်တတ်စေသော အပြုမှုများရအောင်ပြုလုပ်ပေးသင့်သည်။ တစ်ချို့ကလေးများသည် မိမိတို့ထပ်ကြီးသောအစ်ကို၊ အစ်မများနှင့်နေထိုင်ရသည်။ ထိုအခါကလေးများသည်စာများဖတ်သော်လည်း မှားယွင်းနေမှုများရှိသည်။ မိမိတို့ထပ်အကြီးများဖတ်သောစာအုပ်များကို လိုက်ဖတ်တတ်ခြင်းသည်ကလေးများကို အထောက်အကူဖြစ်သောစာအုပ်များရှိသလို တစ်ချို့သောစာအုပ်များသည် အရွယ်မတိုင်ခင်မဖတ်သင့်သောစာအုပ်စာပေများ လည်းရှိတတ်သည်။ ထိုအချက်ကိုမိဘများအနေဖြင့်သတိထားရန်အရေးကြီးလှပါသည်။ 

IT ပစ္စည်းများနှင့်ပညာရေး

ယခုခေတ်သည် IT ခေတ်ဖြစ်သောကြောင့်မိဘများသည် သားသမီးများကို TV/ Tablet/ Phone/ Laptop များပြသခြင်းကိုအလွန်အကျွံပြုလုပ်သူများရှိသည်။ တစ်ချို့မိဘများသည် အလုပ်လုပ်ကိုင်နေသောကြောင့် ကလေးများငြိမ်စေရန် ငြိမ်ဆေးအနေဖြင့်ထိုကိရိယာများကို အသုံးပြုတတ်ကြသည်။ တစ်ချို့မိဘများသည် ကလေးများကိုလွန်စွာအလိုလိုက်သောကြောင့်ထိုပစ္စည်းများကို ကလေးကလိုချင် ကြည့်ချင်သောကြောင့်အသုံးပြုကြသည်။ ထိုပစ္စည်းသည်ကောင်းသော်လည်း ကလေးငယ်များဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာတွင် ထိခိုက်စေပါသည်။ ကလေးငယ်များကိုပြသချင်လျှင်(၁၅) မိနစ်သာအများဆုံးပြသသင့်သည်။ ထိုပစ္စည်းများသည်ကလေးငယ်များ အတွက်သာမက လူကြီးများနှင့်အရွယ်ရောက်ပြီးသူများ အတွက်ပါ ဆုံးရူံးမှု ပျက်စီးမှုများရှိစေသည်။ အကြောင်းအရာအများစုကို လွယ်ကူစွာရှာနိုင်သော်လည်းတစ်ဖက်တွင် အကျိုးမရှိမှုများစွာလည်းရှိသည်။ တချို့သည် ကောင်းသောအရာများကိုဝေမျှရန် သိသင့်သည်များကိုသိစေရန်သာ သုံးကြပြီး တစ်ချို့သည်မကောင်းမှုများအတွက် သားကောင်များအဖြစ်အသုံးပြုနေကြသည်။ “သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး” ဟုဆိုသဖြင့်ဆေးဖြင့်ဝါးဖြင့်သာသုံးစွဲသင့်သည်။ 

ယဉ်ကျေးမှုဓလေ့ 

ကလေးငယ်များနှင့်လူငယ်များကို ရိုးရာယဉ်ကျေးမှုနှင့်သက်ဆိုင်သော အကြောင်းအရာများကို ပြောပြသင်ကြားပေးသင့်သည်။ ထိုမှသာရိုးရာယဉ်ကျေးမှုများ ဓလေ့ထုံးတမ်းအစဉ်အလာများသည်ထိန်းသိမ်းရာလည်းရောက်ပြီး မပျောက်မပျက်ရှိနေမည်ဖြစ်သည်။ ကလေးငယ်များကိုရိုးရာကစားနည်းများ ရိုးရာပုံပြင်များ ကိုပြောပြပေးသင့်သည်။ ယခုခေတ်ကလေးများသည် ရိုးရာကစားနည်းများကို မသိသလောက်ဖြစ်နေသည်။ ရိုးရာကစားနည်းများဖြစ်သော ရွှေစင်ညို ၊ ကြက်ဖတိန်ညင် ၊ ဝိုင်းကြီးပတ်ပတ် ၊ ညောင်ပင်တစ္ဆေ ၊ ရွှေတံခါးကြီးဖွင့်ပါအုံး ၊ ကျီးဖြူကျီးမည်း ၊ စာကလေး စသောကစားနည်းများသည် ကလေးငယ်များအတွက် ငွေကုန်ကြေးကျ မများပဲ ကိုယ်ခန္ဓာအတွက်လည်း အကျိုးရှိစေသော ကစားနည်းများဖြစ်သည်။ ရိုးရာယဉ်ကျေးမှုများကိုပြောပြပေးရန်လည်း အထူးလိုအပ်သည်။ မိမိတို့တိုင်းရင်းသား လူမျိုးများအကြောင်း ၊ စာပေအနုပညာ ၊ သဘာပတ်ဝန်းကျင် အလှအပများ သာမက ရိုးရာ အစားသောက်များအကြောင်းသိစေရန် ပြောပြသင်ကြားပေးသင့်ပါသည်။ ထိုအချက်များသည် သာမန်ဆိုသော်လည်း ကလေးများနိုင်ငံရပ်ခြားတွင်သွားရောက်ပညာသင်ကြား ရာတွင် အများတကာနည်းတူ မိမိတို့နိုင်ငံယဉ်ကျေးမှုများအကြောင်းပြောပြနိုင်မည်ဖြစ်သည်။ ယခုအခါတွင် မြန်မာနိုင်ငံတွင် ရိုးရာယဉ်ကျေးမှုနှင့်ပတ်သက်သောပွဲများ ပြုလုပ်ကျင်းပလျက်ရှိသည်။ အိုးပုတ်ပွဲများ၊ သနပ်ခါးလိမ်းပွဲများ ၊ တိုင်းရင်းသားနေ့အထမ်းမှတ်ပွဲများ အပြင်သြင်္ကန်တွင် တိုင်းရင်းသားယဉ်ကျေးမှုများအလိုက် ပွဲများကျင်းပလျက်ရှိသည်။ ထိုပွဲများကျင်းပပေးခြင်းဖြင့်တိုင်းရင်းသားအချင်းချင်း စည်းလုံးမှုရှိပြီး ရိုးရာယဉ်ကျေးမှုများအကြောင်းပါ ပိုမိုသိစေပါသည်။ မိဘများနှင့်ကျောင်းများအနေဖြင့် ကလေးများအတွက်ဗဟုသုတရရှိစေနိုင်မည့် နေရာများကိုလေ့လာရန်လိုက်ပို့ပေးသင့်သည်။ မြန်မာယဉ်ကျေးမှု အရ အဆို၊ အက များကိုသင်ကြားပေးထားသင့်သည်။ ထိုအနုပညာများသည် ကလေးများအတွက်တစ်ချိန်တွင် အသုံးဝင်လာနိုင်ပါသည်။ နိုင်ငံတကာနှင့်ရင်ဘောင်တန်းသည့်အခါ ထိုအချက်များသည်အရေးမကြီးသည် ဟုထင်ရသော်လည်းတစ်နည်းအားဖြင့်အရေးကြီးပါသည်။ 


ကလေးဆန္ဒနှင့်မိဘသဘောထား

ကလေးငယ်များသည်တစ်ဦးနှင့်တစ်ဦး ဖွံ့ဖြိုးမှုပုံစံခြင်းမတူကြပါ။ လုပ်ဆောင်မှုများ ဝါသနာများလည်းမတူညီသောကြောင့် မိဘများသည်မိမိတို့ကလေးငယ်များ၏ စိတ်ခံစားမှုများကိုသိရန်အရေးကြီးလှပါသည်။ သို့သော်ယခုအခါတွင် မြန်မာနိုင်ငံရှိမိဘအများစုသည် ကလေးများ၏ပညာရေးတွင် ကလေးများဝါသနာပါသောအရာထပ် မိမိတို့ဖြစ်ချင်သောအရာများကိုသာ ဦးစားပေးလုပ်ဆောင်ပေးလျက်ရှိသည်။ တစ်ချို့သည်မိဘဆန္ဒနှင့် သားသမီးများ၏ဆန္ဒမှာ ထပ်တူကျသော်လည်း အများစုသည်ထပ်တူမကျပေ။ မိဘနှင့်သားသမီးများ၏ ဆန္ဒထပ်တူမကျသောသူများသည် နောက်ပိုင်းတွင်မိဘများ ဖြစ်ချင်တာလည်းမဖြစ် မိမိတို့ဖြစ်ချင်တာလည်းမဖြစ်သောသူများလည်းရှိသည်။ တက္ကသိုလ်ဝင်တန်းတွင် စာများကြိုးစားကျပြီး တက္ကသိုလ်ရောက်သောအခါ မိဘများယူခိုင်းသောဘာသာရပ်များကို ဝါသနာမပါဘဲယူလိုက်ရပြီး ယူလိုက်ရသောဘာသာရပ်များအလိုက် ဘဝတစ်လျှောက်လုံးလုပ်ကိုင်နေရသောသူများ အများအပြားပင်ရှိသည်။ မိဘအချို့တွင် စိတ်ဆန္ဒအစွဲအလမ်းများ ရှိတတ်သည်။ ထိုစိတ်ဆန္ဒမှာ မိမိသည်ဆရာဝန်ဖြစ်လို့သားသမီးများသည်း ဆရာဝန်အလုပ်ကိုရွေးချယ်ရမည်။ ကလေးများ၏စိတ်ဆန္ဒကို ထည့်မတွက်ပေးဘဲ မိမိတို့လိုချင် ဖြစ်စေချင်သောအရာများကို ဖြစ်အောင်လုပ်ပေးတတ်ကြသည်။ တစ်ချို့မိဘများသည်ခေတ်ရေစီးကြောင်းတွင် အရွေးများသောအလုပ်များကျောင်းများကို ရွေးချယ်ပေးတတ်ကြသည်။မိဘများ၏စိတ်ထဲတွင် ဘယ်သူဘယ်ဝါကတော့ ဒီအလုပ်နဲ့အဆင်ပြေတာ ကိုယ့်သားသမီးလည်းအဆင်ပြေလောက်မှသာ ဟုတွေးပြီးလုပ်ကိုင်ပေးတတ်ကြသည်။ သူများနှင့်အဆင်ပြေသော်လည်း မိမိတို့ကလေးများနှင့်အဆင်ပြေချင်မှပြေမှာဟု သောအချက်ကိုမတွေးမိသောကြောင့်ဖြစ်သည်။ ခေတ်ရေစီးကြောင်းကိုလိုက်သည်မှာတစ်နည်းအားဖြင့်ကောင်းသော်လည်း မကောင်းသောအချက်များလည်းရှိသည်။ ယခုလက်ရှိတွင်ရေပန်းစားသော အကြောင်းအရာများသည် နောင်တစ်ချိန်တွင်ရေပန်းစားမည်ဟု မည်သူမှအတိအကျ မပြောနိုင်ပေ။ ထို့ကြောင့်မိမိတို့လုပ်ကိုင်သော အကြောင်းအရာများ သင်ကြားထားသောပညာများ ပျောက်ကွယ်မသွားရန်နှင့် အမြဲအသုံးဝင်စေရန် မှတ်သားသင်ယူလုပ်ကိုင်သင့်သည်။ ကျောင်းသားကျောင်းသူများအနေဖြင့် ပညာသင်ကြားရာတွင်သာမက အလုပ်လုပ်ကိုင်ရာတွင် မိမိတစ်ဦးတစ်ယောက်ထဲကောင်းရန် မဟုတ်ဘဲ မိမိ၏မိသားစု ၊ ပတ်ဝန်းကျင် ၊ တိုင်းပြည်နှင့်လူမျိုးအတွက်ပါထည့်သွင်းစဉ်းစားပေး တတ်ရန်ငယ်စဉ်ထဲက မိဘများအနေနဲ့ပြောပြ သင်ကြားပေးသင့်ပါသည်။ တစ်ဦးနှင့်တစ်ဦးစာနာစိတ်ထားတတ်စေရန်မှာလည်း အရေးကြီးလှပါသည်။ မိမိအတွက်သာမကြည့်ဘဲ လူအများအတွက်ပါစေတနာထားရန် ပြောပြသင်ကြားပေးသင့်ပါသည်။ 

ကလေးငယ်များအတွက်အစာအာဟာရများကို သင့်တင့်မျှတအောင်ကျွေးမွေးသင့်ပါသည်။ မိသားစုစားသောအစားအစာ နှင့်ကလေးငယ်များကိုကျွေးမွေးသည့် အစားအစားများကိုခွဲခြားထားသင့်သည်။ ကလေးများကိုပေါင်လစဉ်ချိန်ပေးရန်လိုအပ်သည်။  အရပ်များကို ၃လ ၁ကြိမ်တိုင်းပေးရန် လိုအပ်ပါသည်။ ကာကွယ်ဆေးများမှန်မှန်ထိုးပေးရန်လည်း အရေးကြီးပါသည်။ ကလေးငယ်များကိုကျောင်းပို့ရာတွင် နေအိမ်ထပ်ဝေးသောကျောင်းများထပ် နေအိမ်နှင့်နီးသောကျောင်းများကို ရွေးချယ်ပြီးထားသင့်ပါသည်။ နေအိမ်နှင့်နီးသောကျောင်းသည် ကလေးများအတွက်အဆင်ပြေစေပြီး သွားရလာရလွယ်ကူသောကြောင့် အချိန်ကုန်သက်သာစေပါသည်။ “ နီးသောကျောင်းသည်သာအကောင်းဆုံးဖြစ်သည်” ဆိုသည့်အတိုင်းနီးသော ကျောင်းကိုသာရွေးချယ်သင့်ပါသည်။ 

March 29, 2019 at 09:22 am