contact@pandaingmap.com

(+95) 9 764-231-193

သုတစာပေကို ဖတ်မလား၊ ရသစာပေကိုဖတ်မလား။

စာပေမှာ သုတစာပေနဲ့ရသစာပေဆိုပြီး နှစ်မျိုးနှစ်စား ရှိတယ်လို့ ဆိုကြတယ်။

စာပေမှာ သုတစာပေနဲ့ရသစာပေဆိုပြီး နှစ်မျိုးနှစ်စား ရှိတယ်လို့ ဆိုကြတယ်။ သုတစာပေဆိုတာက လူတွေကို ဗဟုသုတတွေ ပေးစွမ်းနိုင်တဲ့ စာပေဖြစ်ပြီး ရသစာပေဆိုတာကတော့ လူတွေရဲ့ စိတ်ခံစားချက်ကို အသားပေးရေးသားထားတဲ့ စာပေအမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာမေးခွန်းရှိနေတာက သုတစာပေက ပိုကောင်းလား၊ ရသစာပေက ပိုကောင်းလားဆိုတာပါပဲ။ အခုလိုမျိုး ငြင်းခုန်မှုမှာ အဖြေမရှိပါဘူး။ အားလုံးဟာ သူ့တန်ဖိုးနဲ့သူ စာဖတ်သူတွေအားလုံးကို တန်ဖိုးရှိစွာနဲ့ အချိန်ကုန်ဆုံးစေလို့ပါပဲ။ လူတွေဟာ သုတစာပေကိုပိုဖတ်သင့်လား၊ ရသစာပေကိုပိုဖတ်သင့်လားဆိုတဲ့မေးခွန်းဟာလဲ တူတူပါပဲ။ တချို့တွေက သုတစာပေကို အသားပေးဖတ်ကြတယ်။ သုတစာပေကို ဖတ်ခြင်းကြောင့် သုတို့အတွက် အသိပညာတစ်ခုခုကျန်ခဲ့ရတဲ့ အခိုက်အတန့်ကို ပျော်ရွှင်ကြတယ်။ သုတစာပေတွေဟာ အသိပညာကိုတိုးပွားစေပြီး အသိညဏ်တိုးပွားစေတယ်။ အတွေးတွေကို ရင့်ကျက်စေတယ်။ အဲ့လိုပဲ သုတစာပေတွေက စာဖတ်သူတွေရဲ့ အတွေးကို ရင့်ကျက်အောင် ကူညီပေးနိုင်စွမ်းရှိသလို ရသစာပေတွေဟာလဲ စာဖတ်သူတွေရဲ့ စိတ်ခံစားမှုပိုင်းတွေ ရင့်ကျက်လာအောင် ဖန်တီးနိုင်စွမ်းရှိတယ်။ ရသစာပေတွေဟာ ခံစားမှုပိုင်းကို ဦးစားပေးထားတဲ့အတွက် လူတစ်ချို့ဟာ လူတွေအတွက် အကျိုးမရှိဘူးဆိုပြီး လွဲမှားအယူအဆ ရှိကြပါတယ်။ အမှန်တကယ်တော့ ရသစာပေတွေဟာလည်း ကျွန်မတို့ရဲ့ လူနေမှုဘဝတွေကို ကြီးမားတဲ့ပြောင်းလဲမှုတွေပေးနိုင်ပါတယ်။ ကျွန်မတို့ကို စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းနိုင်သလို လူ့ပတ်ဝန်းကျင်မှာလဲ ကောင်းမွန်စွာ နေထိုင်သွားလာတတ်အောင် သင်ကြားပေးနိုင်တဲ့ စာပေတွေပဲဖြစ်ပါတယ်။ ဟိုးတစ်ချိန်က လူမှုပတ်ဝန်းကျင်မှာ IQ ( intelligent quotient ) လို့ခေါ်တဲ့ အသိညဏ်ပညာတစ်ခုတည်းသာ အရေးပါတယ်လို့ လူတွေက ထင်မြင်ယူဆခဲ့ကြပါတယ်။ ဒီအချိန် ဒီအခါမှာတော့ EQ ( emotional quotient ) လို့ ခေါ်တဲ့ စိတ်ခံစားပေးနိုင်စွမ်း၊တစ်ဦးတစ်ယောက်ရဲ့ခံစားချက်ကို နားလည်ပေးနိုင်စွမ်းဟာလည်း တကယ်ကို အရေးပါ အရာရောက်တဲ့ အချက်တစ်ခုဖြစ်လာပါတယ်။ ဒါတွေကို ရသစာပေက ကူညီပေးနိုင်ပါတယ်။ ကျွန်မအနေနဲ့ စာ အခုမှစာစဖတ်ဖို့ ကြံရွယ်နေတဲ့ သူတွေအတွက်တော့ ရသစာပေဟာ အကောင်းဆုံးဖြစ်တယ်လို့ အကြံပြုချင်ပါတယ်။ သုတစာပေတွေဟာ စာဖတ်ကျင့် မရှိသေးတဲ့ သူတွေအဖို့ ပျင်းဖို့ကောင်းတဲ့ အတွက်စာဖတ်ခြင်းမှုာ ငြီးငွေ့ သွားစေတတ်ပါတယ်။ ဒါကြောင့် တစ်ဆင့်ချင်းဆီလေ့ကျင့်ယူသင့်တယ်လို့ အကြံပြုချင်ပါတယ်။ ရသစာပေတိုင်းမှာလဲ ဗဟုသုတတွေ ပါဝင်တတ်သလို့ သုတစာပေတိုင်းမှာလဲ ရသအနည်းငယ် ပါဝင်တတ်ပါတယ်။ ဘယ်စာပေပဲဖြစ်ဖြစ် စာအုပ်စာပေ လူ့မိတ်ဆွေဆိုတဲ့ စကားပုံ အတိုင်း စာပေတွေဟာ ကျွန်မတို့အားလုံးရဲ့ မိတ်ဆွေတွေပဲ ဖြစ်ပါတယ်။ စာပေတိုင်းဟာ ကျွန်မတို့ကို အသိညဏ်တွေ၊ စိတ်ခွန်အားတွေ ပေးစွမ်း နိုင်တဲ့အတွက် စာအုပ်တွေဆိုတာ ကျွန်မတို့ လျစ်လျှုရှုမထားသင့်တဲ့ အရာတွေပါပဲ။ အသက်အရွယ်မရွေးပါဘူး။ စာဖတ်ခြင်းဟာ လူတိုင်းသောက်သုံးသင့်တဲ့ ဗီတာမင် အားဆေးတစ်ခွက်လို့ပဲ ကျွန်မတင်စားချင်ပါတယ်။ ကလေးတွေကိုလဲ စာဖတ်ကျင့်လုပ်ပေးတာကလဲ လုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုဖြစ်တယ်လို့ လူကြီးမိဘတွေကိုလည်း ကျွန်မ အကြံပြုပေးချင်ပါတယ်။ စာပေတွေဟာ ကျွန်မတို့ရဲ့ လူမှှုကိစ္စအ၀၀ ပြဿနာအ၀၀ကိုလည်း ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ ကောင်းမွန်တဲ့ အကြံညဏ်တွေပေးနိုင်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ။ ကျွန်မတို့ ပျင်းရိနေတဲ့ အခါမှာ အတူတူရှိပေးနိုင်မယ့် အဖော်မွန်ကောင်းတစ်ယောက်ပါ။ ဝမ်းနည်းနေတဲ့ အချိန်မှာ စိတ်ဓာတ်ခွန်အားတွေပေးနိုင်တဲ့ စွမ်းအားရှင်တစ်ယောက်ပါ။ လဲကျနေချိန်မှာ ဆွဲထူပေးနိုင်တဲ့ မိတ်ဆွေကောင်းတစ်ယောက်ပါ။ အောင်မြင်မှုပန်းတိုင်ဆီကို လမ်းပြပေးနိုင်တဲ့ supporterကောင်းတစ်ယောက်ပါ။ ဒါကြောင့် စာဖတ်သူတွေဟာ သုတစာပေ ဖတ်သင့်လား ရသစာပေဖတ်သင့်လားဆိုတာမျိုး မစဉ်းစားပဲ ကိုယ်နဲ့ သင့်လျော်မဲ့ စာပေတိုင်းကိုဖတ်ရှုသင့်ကြောင်း အကြံပြု ရေးသားဖော်ပြလိုက်ပါတယ်ရှင်။

အေးချမ်းဝေ

November 12, 2018 at 10:00 am